Montag, 24. September 2012

မဟာပထ၀ီမြေကြီးတမျှ၊ သည်းခံသောပုဂ္ဂိုလ်


အရှင်သာရိပုတ္တရာ။
••••••••••••••••
မြတ်ဗုဒ္ဓသည်၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တရားစစ်သူကြီး ရှင်သာရိပုတ္တရာသည်၊ မြတ်ဗုဒ္ဓအား အာရုံပြု၍၊ မိမိနေသည့်အရပ်၌ အရဟတ္တဖလသမာပတ် ၀င်စား၏။
ထိုမှထသောအခါ၊ ငါ၏အာယုသင်္ခါရတို့သည်၊ (၇)ရက်သာလျှင် ဖြစ်လိမ့်မည်ကိုသိ၍၊ ပရိနိဗ္ဗာန်စံဝင်ရန် အရပ်ဒေသကို စဉ်းစားပြန်၏။ "ငါ၏ မယ်တော်သည်၊ ငါ၏တရားဒေသနာတော်ဖြင့်၊ သစ္စာလေးပါးတရားကို သိမြင်ကျွတ်တမ်းဝင်လိမ့်မည်။ ငါသည် မယ်တော်ကို လစ်လျူမရှုသင့်။ လူအများက၊ အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိမယ်တော်၏ အယူဝါဒကိုမျှသော်ပင်၊
မပယ်ဖျောက်နိုင်ဟု၊ အပြစ်တင်ကြပေလိမ့်မည်။ ထို့ကြောင့်၊ မယ်တော်၏ အယူမှားကို ချေချွတ်ပယ်ဖျောက်ပေးလျက်၊ ဖွားရာတိုက်ခန်း၌ပင်၊ ပရိနိဗ္ဗာန်စံပေအံ့" ဟု၊ ဆုံးဖြတ်၏။

ဖွားရာတိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံပါမည်ဟု၊ မြတ်ဗုဒ္ဓအား လျှောက်ထားသော်၊ "ချစ်သား သာရိပုတ္တရာ - ယခုအခါ သင်သည်ပင်၊ မိမိပရိနိဗ္ဗာန်စံရာ ကာလကို သိပေ၏။ မိမိ၏ နောင်တော် ညီတော်တို့အတွက် တရားဟောဦးလော့"ဟု တိုက်တွန်း၏။ ရှင်သာရိပုတ္တရာ မထေရ်မြတ်သည်၊ ကောင်းကင်သို့၊ ထန်း(၇)ဆင့် ပမာဏတိုင်အောင်၊ တက်၍၊ တန်ခိုးပြာဋိဟာပြကာ၊ တရားဟော၏။

"မြတ်ဘုရား - တပည့်တော်သည်၊ အရှင်ဘုရား၏ ဤခြေတော်အစုံတို့ကို၊ ဖူးမြော်နိုင်ရန်၊ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင်၊ ပါရမီဖြည့်အပ် ခဲ့ပါပြီ။ တပည့်တော်၏ နှလုံးအိမ်သည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြင်ခဲ့ပါပြီ" စသည်ဖြင့်၊ ပရိနိဗ္ဗာန်စံဝင်တော့မည့်

အကြောင်း၊ လျှောက်ထားလေ၏။
မြတ်ဗုဒ္ဓကလည်း၊ "မိမိသွားသင့်ရာ ကာလကို သိဖို့ရန်မှာ၊ သင်ချစ်သား၏ အလိုအတိုင်း ဖြစ်ပေ၏"ဟု မိန့်ကြားတော်မူ၏။
ထိုအခါ မဟာပထ၀ီမြေကြီးသည်၊ ရေအဆုံးတိုင်အောင် ပြင်းစွာတုန်လှုပ်လေ၏။ ကောင်းကင်၌လည်း၊ သည်းထန်စွာ မိုးကြိုးထစ်ချုန်းလေ၏။ ပေါက္ခရ၀ဿမိုး၊ ဖြိုးဖြိုးရွာသွန်းလေ၏။

ရှင်သာရိပုတ္တရာသည်၊ ငိုကြွေးမည်တမ်းကြသော ဒါယကာ ဒါယကာမ အပေါင်းတို့အား၊ "ရုပ်နာမ်ဓမ္မ သင်္ခါရတို့မည်သည်၊ ဤသို့ဖြစ်လေ့ရှိကုန်၏။ ဖြစ်ပြီးလျှင်၊ စုတိပြတ်ကြွေ သေခြင်းလျှင် အဆုံးရှိကုန်၏"ဟု အပ္ပမာဒတရား လက်ကိုင်ထားဖို့၊ သြ၀ါဒပေး ဆုံးမတော်မူ၏။

မထေရ်မြတ်ကြီးသည်၊ ဇာတိရွာရှိ မိမိဖွားမြင်ရာ တိုက်ခန်းသို့ ရောက်ပြီး၊ ပြင်းထန်ကြမ်းတမ်းသော ဝေဒနာဖြစ်ပွားလေ၏။ ထိုအခါ စတုမဟာနတ်မင်းကြီး (၄)ဦး၊ ထို့နောက် သိကြားမင်း၊ တစ်ဖန် မဟာဗြဟ္မာကြီး အသီးသီးတို့သည်၊ အရှင်မြတ်အား ပြုစုရန် လာရောက်ကြလေရာ၊ အရှင်မြတ်က သူနာပြုရဟန်း ရှိပြီးဖြစ်၍၊ ပြန်လွှတ်လေ၏။

မယ်တော်ကြီးသည်၊ သားတော်ထံရောက်လာပြီး၊ "ချစ်သားထံ ရောက်လာသူများသည် အဘယ်သူတို့နည်း"ဟု မေးလျှောက်၏။ တစ်ဖန် "သင်ချစ်သားက၊ ထိုစတုမဟာနတ်မင်းကြီးတို့ထက်၊ သာလွန်မြင့်မြတ် သလော။ သိကြားနတ်မင်းထက်လည်း သာလွန်မြင့်မြတ်သလော။
ငါ၏ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သလော"ဟု၊ အစဉ်တိုင်း မေးလျှောက်၏။

အရှင်မြတ်က "ဟုတ်ပေတယ် ဒါယိကာမကြီး"ဟု မိန့်ကြားတော်မူ၏၊ မယ်တော်ကြီး၏သန္တာန်မှာ "ယခုငါမြင်ရသော အာနုဘော်မှာ၊ ငါ့သားတော်၏ အာနုဘော်သာဖြစ်၏။ ငါ့သား၏ဆရာ မြတ်စွာဘုရား၏ အာနုဘော်တော်ကား မမှန်းဆနိုင်လောက်အောင် ရှိလေတော့၏တကား"ဟု ဆင်ခြင်လျှင်ပင်၊
မယ်တော်ကြီး၏ တစ်ကိုယ်လုံး၌ ပီတိငါးမျိုးတို့ ပြန့်နှံ့လေတော့၏။ မထေရ်ကြီးက၊ ငါ့မယ်တော်ကြီးအား တရားဟောရန် သင့်လျော်သော အခါဟု သိ၍၊ မြတ်ဗုဒ္ဓ၏ဂုဏ်တော်အဖြာဖြာတို့နှင့် ဆက်စပ်သော တရားတော်ကို ဟောကြားတော်မူ၏။ ဒေသနာအဆုံးတွင်၊ မယ်တော်ကြီးသည်၊ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ်လေသည်။

မယ်တော်ကြီးအား၊ မွေးကျေးဇူးကိုဆပ်လေပြီးနောက်၊ ရဟန်းအပေါင်းတို့ကို "ငါ့ရှင်တို့ - (၄၄)၀ါပတ်လုံး ငါနှင့်အတူ လှည့်လည်သွားလာနေထိုင်ကြရသော ငါ့ရှင်တို့အဖို့ရာ၊ ငါ့အပေါ်၌ မနှစ်သက်ဖွယ် ကာယကံ, ၀စီကံများ ရှိခဲ့လျှင် သည်းခံကြပါကုန်လော့"ဟု တောင်းပန်ပြောကြား၏။ ရဟန်းအပေါင်းကလည်း သည်းခံခွင့်လွှတ်ပြီး၊"အရှင်ဘုရားကသာ၊တပည့်တော်တို့အားသည်းခံတော်မူပါ"ဟု တောင်းပန်ကန်တော့၏။

ထို့နောက် မထေရ်မြတ်သည်၊ သမာပတ်(၉)ပါးကို ၀င်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှထ၍၊ မဟာပထ၀ီမြေကြီးကို ပဲ့တင်ထပ်စေလျက်၊ ခန္ဓပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းတော်မူလေ၏။

မယ်တော်ကြီးသည် သားတော်၏ ခန္ဓာချုပ်ငြိမ်းမှုကိုသိ၍ ငိုကြွေးပြီးလျှင်၊ ပြဿဒ်ငါးရာ, မဏ္ဍပ်ငါးရာတို့ကို တည်ဆောက်စေ၏။
ဝိသကြုံနတ်သား ဖန်ဆင်းသော နှစ်ထောင်သော ပြဿဒ်, မဏ္ဍပ်တို့ဖြင့်၊ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပပြီး၊ အမြင့် (၉၉)တောင်ရှိ နံ့သာထင်းပုံပေါ်တွင် မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို
တင်၍ ဈာပနအမှု ပြုကြလေသည်။

ညီတော်စုန္ဒမထေရ်သည်၊ ဓာတ်တော်မြတ်ကို ရေစစ်နှင့်ထည့်ပြီး၊ သင်္ကန်းစသော ပရိက္ခရာတို့ကိုယူ၍၊ သာဝတ္ထိပြည်သို့ ခရီးဆက်ခဲ့၏၊ မိမိ၏ ဥပဇ္ဈယ်ဆရာ အရှင်အာနန္ဒာနှင့်အတူ မြတ်ဗုဒ္ဓထံ ရောက်လေ၏။

အရှင်အာနန္ဒာက၊ မြတ်စွာဘုရားကို "အရှင်ဘုရား - ရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်စံတော်မူပါပြီ။ ဤသည်ကား ရှင်သာရိပုတ္တရာ၏ သပိတ် သင်္ကန်းပါတည်း။ ဤသည်ကား၊ ဓာတ်တော်ထည့်ထားသော

 ရေစစ်ပါတည်း"ဟု လျှောက်ထားပြီး၊ ဘုရားရှင်လက်တော်သို့ ဆက်ကပ်လေ၏။

ဗုဒ္ဓမြတ်စွာသည် ဓာတ်တော်များကို ခံယူတော်မူပြီး၊ ရဟန်းတော်တို့အား မထေရ်မြတ်နှင့် ပတ်သက်၍၊
"ချစ်သားရဟန်းတို့ - ယခုအခါ ရှင်သာရိပုတ္တရာ၏ ဖြူစင်သော ဓာတ်တော်များ ထင်ရှားကျန်ခဲ့ပြီ။ ရှင်သာရိပုတ္တရာသည်၊ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့၏။ တရားဓမ္မကိုလည်း၊ ငါ့နောက်လိုက်ကာ ဟောမြွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။ ငါဘုရားမှထောက်သော် နှစ်ခုမြောက်သော နေရာကို ကောင်းစွာရရှိထားသူဖြစ်၏။
ငါဘုရားကလွဲ၍ စကြ၀ဠာတိုက်တစ်သောင်း၌ ပညာအားဖြင့် အတုမရှိသူ ဖြစ်၏။ ကြီးသော, ကျယ်ပြန့်သော, လျင်သော, ထက်သောကိလေသာကို ဖောက်ထွင်းနိုင်သူဖြစ်၏။ အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နိဝရဏတရားတို့မှ ဆိတ်သူ, လူတို့နှင့်ရောနှောခြင်းမှ ကင်းသူ, ထက်သန်သောလုံ့လရှိသူ, အပြစ်ပြ၍ ဆုံးမတတ်သူ, မကောင်းမှုနှင့် မကေင်းမှုပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူဖြစ်၏။

သာရိပုတ္တရာသည် - ဘ၀ငါးရာတို့ပတ်လုံး၊ ကြီးစွာသောစည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူဖြစ်၏။
ငါဘုရားသာသနာ၌၊ မဟာပထ၀ီမြေကြီးတမျှ၊ သည်းခံသောပုဂ္ဂိုလ်ဖြစ်၏။ဦးချိုကျိုးသော နွားလားပမာ၊ မာန်မာနနည်းလှစွာ၏။ဒွန်းစဏ္ဍားသားနှင့်တူသော နှိမ့်ချသောစိတ်ရှိသူလည်း ဖြစ်ပေ၏။

ဤသို့ မြတ်စွာဘုရားသည်၊ ဂါထာငါးရာတို့ဖြင့်၊ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဟောကြားတော်မူ၏။
ထို့နောက်၊ ဆောက်တည်ရာမရ ငိုကြွေးနေသော အရှင်အာနန္ဒာအား၊ သက်သာတော်မူစေပြီးလျှင်၊ အရှင်သာရိပုတ္တရာ၏ အရိုးဓာတ်တော်များကို၊ သာဝတ္ထိပြည်တွင် စေတီတည်ထားတော်မူလေသတည်း။

Keine Kommentare:

Kommentar veröffentlichen