Posts mit dem Label ဆောင်းပါး werden angezeigt. Alle Posts anzeigen
Posts mit dem Label ဆောင်းပါး werden angezeigt. Alle Posts anzeigen

Donnerstag, 3. Juli 2014

ကုသိုလ်လေးနဲ့နေရအောင်

(၁)

တစ်ခါက ရသေ့ကြီးတစ်ပါးဟာ တောအုပ်အစပ်မှာ တဲကျောင်းလေးတစ်ကျောင်း ဆောက်ပြီးနေတယ်။ အဲဒီတဲကျောင်းလေးနဲ့ မနီးမဝေးမှာတော့ ပြည့်တန်ဆာမတစ်ယောက်ရဲ့ အိမ်ရှိတယ်။ ပြည့်တန်ဆာမဟာ ရုပ်ရည်က အလွန်ချောမောတော့ နေ့စဉ်နဲ့အမျှ သူ့ဆီကို လာတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိတယ်။ ဒါကြောင့် သူမရဲ့အိမ်ဟာ အမြဲတမ်း စည်ကားနေတော့တယ်။

သူမအိမ်နဲ့ ဆန့်ကျင်စွာပဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကတော့ အမြဲတမ်း တိတ်ဆိတ်စွာ အေးချမ်းစွာ ရှိနေပါတယ်။ သူမကတော့ အချိန်ရရင် ရသလို ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို လှမ်းလှမ်းကြည့်ပြီး “အော် အေးချမ်းလိုက်တာ၊ သာယာလိုက်တာ”ဆိုပြီး ကျောင်းသင်္ခမ်းလေးရဲ့ သာယာမှုကို ကြည်နူးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ပါးတည်း အေးချမ်းစွာ နေနေတဲ့ ရသေ့ကြီးကို လှမ်းပြီး ကြည်ညိုနေခဲ့တယ်။

ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းလေးရှေ့မှာ ကွပ်ပျစ်လေးတစ်ခု ရှိတယ်။ အဲဒီကွပ်ပျစ်လေးပေါ်မှာ ရေနွေးအိုးလေးတစ်လုံးနဲ့ရသေ့ကြီးကတော့ ပြည့်တန်ဆာမအိမ်ဘက်ကို အမြဲတမ်း စိတ်ဝင်တစား ကြည့်နေခဲ့တယ်။ အမျိုးသားတွေ နေ့စဉ်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျော်ပါးနေကြတာကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ အမျိုးသားတစ်ယောက် ဝင်သွားတိုင်း ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး တစ်နေရာမှာ ပုံထားတယ်။ ဒီလို လုပ်လာလိုက်တာ တစ်နေ့ကျတော့ ကျောက်ခဲပုံကြီးတစ်ခု ဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ ပြည့်တန်ဆာမရော ရသေ့ကြီးပါ ကွယ်လွန်သွားခဲ့ကြတယ်။ ပြည့်တန်ဆာမက နတ်ပြည်ကို ရောက်သွားတယ်။ ရသေ့ကြီးကတော့ ငရဲပြည်ကို ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ ရသေ့ကြီးက “အရှင်ယမမင်း … နှစ်ပေါင်းများစွာ တစ်ပါးတည်းနေပြီး ရသေ့ဝတ်လာတဲ့ ကျုပ်ကျတော့ ငရဲပြည်မှာ နေရပြီး ယောက်ျားပေါင်းများစွာနဲ့ ပျော်ပါးနေခဲ့တဲ့ ပြည့်တန်ဆာမကျတော့ နတ်ပြည်ရောက်သွားတယ်၊ ဘယ်လို ဖြစ်တာလဲ”လို့ မေးလိုက်ပါတယ်။

ဒါနဲ့ ယမမင်းကြီးက “ပြည့်တန်ဆာမဟာ အမိအိုနဲ့လုပ်ကိုင်မစားသောက်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေကို လုပ်ကိုင်ကျွေးမွေးတယ်။ နေ့စဉ်နဲ့အမျှ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို ကြည့်ပြီး ကြည်ညိုစိတ်နဲ့ ကုသိုလ်အတွေးတွေ တွေးတယ်။ ဒါကြောင့် နတ်ပြည်ကို ရောက်ရတယ်။ သင်ကတော့ နေရင်းထိုင်ရင်း သူများကိုကြည့်ပြီး နေ့တိုင်း အကုသိုလ်တွေ ပွားနေတယ်။ ဒါကြောင့် သင်ဟာ ငရဲပြည်မှာ ရောက်နေရခြင်း ဖြစ်တယ်”လို့ ရှင်းပြလိုက်ပါတယ်။

(၂)

ပုံပြင်ထဲမှာ ရသေ့ကြီးက ဘာတွေ ဆက်ပြောတယ်။ ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါက ပုံပြင်တစ်ပုဒ်သာဖြစ်တော့ အဲဒီလောက် အသေးစိတ်စရာလည်း မလိုဘူး ထင်ပါတယ်။

ပုံပြင်ဆိုပေမဲ့ တွေးစရာတွေ၊ သင်္ခန်းစာယူစရာတွေက အများကြီး ပါနေပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်း လောကကြီးဟာ မတူကွဲပြားတဲ့ အယူအဆတွေ၊ ပုံသဏ္ဌာန်တွေ တစ်နည်းအားဖြင့် ဘဝပုံရိပ်တွေက အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။ အဲဒီလို မတူညီမှုတွေအပေါ် အခြေခံပြီး ဘဝရပ်တည်ချက်တွေကလည်း ကွဲပြားနေပြန်တယ်။

အချို့သူတွေအတွက် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသလို အချို့သူတွေအတွက်ကျတော့ ကုသိုလ်ဖြစ်ဖို့ အတော်ကို ကြိုးစားနေကြရတယ်။ အချို့ကတော့ ဘဝပေးအခြေအနေကြောင့် အကုသိုလ်ဖြစ်မယ့်ပတ်ဝန်းကျင်မှာ နေနေရပေမဲ့ အချို့ကျတော့ အစစအရာရာ ကုသိုလ်ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်မှာ နေနေရတာတောင် ကုသိုလ်ဖြစ်အောင် မနေတတ်ကြပါဘူး။

အထက်က ပုံပြင်ထဲမှာ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းဟာ ကုသိုလ်ဖြစ်စရာ ပတ်ဝန်းကျင်ကြီးပါ။ ဒါပေမဲ့ သူများရဲ့လုပ်ရပ်တွေကို ကြည့်ပြီး အကုသိုလ်တွေ ပွားနေခဲ့တယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကုသိုလ်အရိပ်အမြုံကနေ ပူလောင်ရှုပ်ထွေးတဲ့ အကုသိုလ်ပြကွက်တွေကို ငေးမောရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ပြည့်တန်ဆာမလေးဟာ တဏှာလောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အလိုမကျမှုတွေ၊ တွယ်တာမှုတွေ၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ရှုပ်ထွေးပွေလိမ်နေတဲ့ မှော်ရုံတောကနေ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်း အေးအေးချမ်းချမ်းလေးကို လှမ်းငေးရင်း ကုသိုလ်တွေကို အရယူနိုင်ခဲ့တယ်။

(၃)

စာဖတ်သူများအနေနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်လေးကို ပြန်ငဲ့ကြည့်လိုက်ပါဦးလား။ “ငါ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က ကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား၊ အကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား”ဆိုတာကိုပေါ့။

ကုသိုလ်ဖြစ်နိုင်စရာ ပတ်ဝန်းကျင်ကြီးမှာ ရှိနေတယ်ဆိုရင် “အော် ငါ အတော်ကံကောင်းပါလား”လို့ တွေးပြီး ကုသိုလ်တွေကို အရယူလိုက်ကြပါ။ ပုံပြင်ထဲက ရသေ့ကြီးလို မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘဝအဆက်ဆက်က အကြောင်းကံတွေကြောင့် အကုသိုလ်များတဲ့ ပတ်ဝန်းကျင်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း “အော် ငါ အတော်ကံဆိုးပါလား”လို့ မတွေးမိပါစေနဲ့။ ပုံပြင်ထဲက အမျိုးသမီးလေးလို ကုသိုလ်ကို အမိအရ ရှာဖွေယူတတ်အောင် ကြိုးစားကြစေချင်ပါတယ်။ ကိုယ်ကသာ ကြိုးစားချင်တဲ့ဆန္ဒရှိပါစေ ကုသိုလ်တွေက ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတာ တွေ့ပါလိမ့်မယ်။

(၄)

နေ့စဉ်နဲ့အမျှ သတင်းမီဒီယာတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေကနေ အကြောင်းအရာပေါင်းစုံ၊ သတင်းပေါင်းစုံက လူမှုဘဝတွေထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာနေတယ်။ မှန်တာတွေရော၊ မမှန်တာတွေရော၊ ကောင်းတာတွေရော၊ မကောင်းတာတွေရော စုံလို့နေတယ်။ အချို့က ကုသိုလ်ဖြစ်အောင် တွေးတတ်ကြသလို အချို့ကတော့ အခြားသူများရဲ့အကြောင်းတွေကို အချိန်နဲ့အမျှ တွေးတောမြည်တွန်ရင်း အကုသိုလ်တွေနဲ့ အချိန်ကုန်နေကြတယ်။

လုပ်ဆောင်ချက်တစ်ခု မှန် မမှန်၊ ကောင်း မကောင်းကို သုံးသပ်တာ၊ ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့လုပ်ဆောင်ချက်ကို အကောင်း၊ အဆိုး သုံးသပ်ဆုံးဖြတ်တဲ့အရာမှာတော့ ကိုယ်ချင်းစာတရားနဲ့ ယောနိသောမနသိကာရ (သင့်တင့်သောနှလုံးသွင်းမှု)ရှိနေဖို့ လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်အောင် သုံးသပ်တတ်ဖို့၊ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် လောကအတွက် အပြုသဘောဆောင်ပြီး အကျိုးများအောင် သုံးသပ်ဆုံးဖြတ်ဖို့ အရေးကြီးလှပါတယ်။ လူ့ဘဝဆိုတာ ခဏဆိုမှ ခဏလေးရယ်ပါ။ ကုသိုလ်ဖြစ်အောင် တွေးရအောင်ပါ။ ကုသိုလ်ဖြစ်အောင် ပြောရအောင်ပါ။ အခြားသူများရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ရင်း အချိန်မကုန်ရအောင် သတိပြုရအောင်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပုံပြင်ထဲက ရသေ့ကြီးလို သူများအားနည်းချက်ကို ကြည့်ရင်း အချိန်ကုန်သွားလိမ့်မယ်။

(၅)

ဓမ္မပဒမှာ သူတစ်ပါးအပြစ်ကိုချည်း လိုက်ကြည့်ပြီး ဝေဖန်တတ်တဲ့ရဟန်းတစ်ပါး ရှိတယ်။ “ဒီကိုယ်တော်က သင်္ကန်းကို ဒီလိုကြီး ဝတ်တယ်၊ ဒီကိုယ်တော်ကတော့ ဒီလိုကြီး နေတယ်”စသဖြင့် အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ရှိတယ်။

အဲဒီရဟန်းကိုအကြောင်းပြုပြီး မြတ်စွာဘုရားက “ပရဝဇ္ဈာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။ အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ”လို့ မိန့်တော်မူပါတယ်။ အဓိပ္ပာယ်ကတော့ “သူတစ်ပါးအပြစ်ကို အမြဲတမ်း ကြည့်၊ ပြောဆိုပြစ်တင်နေသူဟာ လောဘ၊ ဒေါသ၊ မောဟတွေသာ တိုးပွားတယ်။ နိဗ္ဗာန်နဲ့လည်း ဝေးပါတယ်”လို့ ဆိုလိုပါတယ်။

နိဗ္ဗာန်ဆိုတဲ့စကားလုံးက မြင့်လွန်းတယ်ဆိုရင် ဒီလိုလေး နားလည်လိုက်ပါ။ “သူများ မကောင်းကြောင်းကို ပြောပြီးနေတဲ့သူဟာ ကုသိုလ်နဲ့ဝေးတယ်”လို့ မှတ်ထားလိုက်ပါ။ ဒီတော့ သူများ မကောင်းတာကို ပြောတာဟာ ကိုယ့်ရဲ့ကောင်းတာလေးတွေကို ဖဲ့ခြွေပေးနေရတာပါ။

ကိုယ့်ကိုကိုယ် ကောင်းအောင် အရင်ဆုံး ကြိုးစားတာဟာ (အတ္တသမာပဏိဓိ) မင်္ဂလာကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားနေတာဟာ ကိုယ့်ကိုကိုယ်ရော၊ လောကကိုရော ကောင်းမွန်အောင် တည်ဆောက်နေခြင်းပါ။

(၆)

ကိုယ်တိုင် တိုးတက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် တိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ လောကတိုးတက်စေချင်လို့ပဲဖြစ်ဖြစ် အရင်ဆုံး ပြုလုပ်ရမှာက မိမိကိုယ်တိုင်ပါ။ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်ကြိုးစားခြင်းဟာ ကုသိုလ်နဲ့ နေတာပါပဲ။ ကုသိုလ်နဲ့နေတော့ အရာရာဟာ တင့်တယ်တော့မှာပေါ့။

နေ့စဉ်ကုသိုလ်လေးတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ .....

အရှင်ကုသလသာမိ (အတည်မဲ့)
၀၃၊ ၀၇၊ ၂၀၁၄

Dienstag, 15. Januar 2013

ရာဂ, ဒေါသ, မောဟ နှင့် တဏှာ

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြသော ဒါယကာငါးယောက်တို့ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။

ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။

ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား

• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"

• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"

• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"

• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။

ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း"ဟု မေးလျှောက်ရာ -

ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

• ရာဂနှင့်တူသော မီးသည် မရှိ။
• ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။
• မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။
• တဏှာနှင့်တူသော မြစ်သည် မရှိ။

( ဓမ္မပဒ။ မလ၀ဂ် )

Sonntag, 13. Januar 2013

အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။

ကဿပနွယ်ဖွား မြတ်စွာဘုရား.....
တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။

ကဿပနွယ်ဖွား မြတ်စွာဘုရား
ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်းစား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည်မည်၏။ 

ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား  ....
အညှီအဟောက်သည် ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊ သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏။  ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏။ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။

..............................
 တိဿရသေ့ ...
        သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဉ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဉ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

       ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏။ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကိုမှီကုန်၏။ နတ္ထိကဝါဒ အယူရှိကုန်၏။ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏။ သိစေနိုင်ခဲကုန်၏။ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင့်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

      အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏။ ကြမ်းတမ်းကုန်၏။ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏။ သနားခြင်း ကင်းကုန်၏။ အလွန်မာန်လမူကုန်၏။ မပေးတတ်သော အလေ့ရှိကုန်၏။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ 

       အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်းငြူစူခြင်း ဝါကြွားပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

         ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏။ ကြွေးမြီကို ယူ၍မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင်ကုန်းချောတတ်ကုန်၏။ ဤလောက၌ တံစိုးစားကာကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏။ အမိအဖစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

       ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏။ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏။ ကြမ်းသော စကားရှိကုန်၏။ ရိုသေခြင်း ကင်းကုန်၏။ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

        အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏။ မုန်းတီးဆန့်ကျင်ကုန်၏။ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏။ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏။ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏။ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။

       ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ 

           (အကြင်သူသည် ) ထိုဣနြေ္ဒခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣနြေ္ဒတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏။ သစ္စာလေးပါးတရား၌ တည်၏။ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏။ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏။ ဆင်းရဲအားလုံးကို ပယ်၏။ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ 

       ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏။ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကိုသိ၏။ ကိလေသာအညှီအဟောက် ကင်းတော်မူသော တဏှာဒိဋ္ဌိကိုမှီတော်မမူသော သူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပမြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။

        ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏
 ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။

                                  ( အာမဂန္ဓသုတ် )
                           .........................
https://www.facebook.com/notes/min-aung-naing/အညှီ-အဟောက်ဆိုတာ-ဘာကိုခေါ်သလဲ-အာမဂန္ဓသုတ်/504463022914798 မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Samstag, 12. Januar 2013

မမြဲ ဆင်းရဲ ရုပ်နာမ်ပဲ၊ ဉာဏ်ထင်ရှင်းတော့သည်။

ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ၀င်ရောက်သည်။
မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ် ထင်တတ်သည်။
. . ဆိုတာ အဲ့ဒါပဲ။ အစွဲဒိဋ္ဌိပဲ။

ဖြစ်ခိုက် မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်။
မမြဲ ဆင်းရဲ ရုပ်နာမ်ပဲ၊ ဉာဏ်ထင်ရှင်းတော့သည်။
. . ဒါဟာ အစွဲကင်းတဲ့ အသိပဲ။

စွဲမှု ကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်။
. . သိစရာလည်း အမြဲဖြစ်ပျက်။ သိပြီးတာနဲ့ မရှိတော့ဘူး။
သိတာလည်း အမြဲဖြစ်ပျက်။
သိစရာရော သိတာရော၊ ပေါ်တာလေးရော သိတာလေးရော
တစ်တွဲတစ်တွဲ ဖြစ်ပျက်နေတယ်။

ဖြစ်ပြီးပျက်နေတဲ့ ဖြစ်လိုက် ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့အတွက် မကောင်းတာတွေပဲ အသုံးမကျတာတွေပဲလို့ သိလာတယ်။

ဤ ကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝ နာမ်ရုပ်၊ ဖြစ်၍ ချုပ်၏။
နာမ်ရုပ် နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကား ငါတည်း…..။

ဘယ်မှာလဲ ငါ။ သိစရာက ရုပ်တရား၊ သိမှုကလည်း နာမ်တရား၊
အဲ့ဒီ ရုပ်တရားလေးကို အမှီပြုပြီး ဖြစ်လာတဲ့ သိမှုပဲ။
ငါဆိုတာမရှိ၊ ငါကသိတာမဟုတ်။
အဲ့လိုဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိရင် စွဲမှုတွေ ကင်းပျောက်သွားမယ်။

( ရွှေဥမင်ဆရာတော်ဘုရားကြီး )

Dienstag, 8. Januar 2013

ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

ဝိပဿနာ ရှုနေသော အို သူတော်ကောင်း။
သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တစ်ရံတစ်ခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

“ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)

(ဘာသာပြန်)

ရဟန်း။ သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တစ်ရံတစ်ခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

( မဟာစည်ဆရာတော်ဘုရားကြီး )

Montag, 7. Januar 2013

၇။ ဥာဏဒဿန ၀ိသုဒ္ဓိ = နိဗ္ဗာန် ကိုသိမြင်နိုင်သော ဥာဏ်၏ စင်ကြယ်မှု။

ဥာဏဒဿန ၀ိသုဒ္ဓိ ဆိုရာ၌ သစ္စာလေးပါးကို သိတတ်သောကြောင့် ဥာဏ မည်၏။
 
မျက်စိဖြင့်မြင်ရသကဲ့သို တိုက်ရိုက်မြင်ရသောကြောင့် ဒဿန မည်၏။ (အိပ်ပျော်သလို၊
မေ့ကနဲ၊ ဘာမှမသိတော့တာမဟုတ်၊ ထင်ထင်ရှားရှား သိစိတ်ဖြင့် သိရှိခံစားရသည်)
ကိလေသာ ညစ်အကြေးတို့မှ စင်ကြယ်သော ကြောင့် ၀ိသုဒ္ဓိ မည်၏။ 

သီလ ၀ိသုဒ္ဓိ စသောရှေး ၀ိသုဒ္ဓိ (၆)ပါး ဉ်ဖြင့် ဆင့်ဆင့်တက်၍ ရသောမဂ်ကို ဥာဏဒဿန ၀ိသုဒ္ဓိ
ဟုခေါ်ဆိုပေသည်။ ဤဆင့်သို့ရောက်သောသူသည် ပုထုစဉ်ဘ၀မှလွတ်မြောက်၍ရိယာ ဘ၀ သို့ဆိုက်ရောက်ခြင်းဖြစ်ပေသည်။

ဒီ ၀ိသုဒ္ဓိ(၇)ပါး ကို ၀ိပသနာ ရှုမှတ်ပွါးများသော ယောဂီပုဂ္ဂိုလ် တိုင်း တွေ့ကြုံရပေမည်။ (၇)ပါး
လုံး ပြီးပြည့်စုံရန်ကား “၀ိရိယ၊ သဒ္ဒါ၊ ပညာ နှင့် ပါရမီ” ပေါ်မူတည်၍ တဦးနှင့်တဦး
ချိန်ကာလ တော့ကွာခြားပေမည်။ မလျှော့သော ဇွဲ ဖြင့်ကြိုးစားဖို့သာလိုပါသည်။

၆။ ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ = မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်း၌ဥာဏ်အမြင် စင်ကြယ်မှု။

ပဋိပဒါဟူသည် မဂ်သို့ရကြောင်း ကျင့်ဖြစ်ပေသည်။ 

ဥာဏ ဟူသည် တေဘူမကသင်္ခါရ တို့ကို နိစ္စ၊ ဒုက္ခ၊ နတ္တ ဟုသိတတ်သောဥာဏ်ဖြစ်သည်။ 
သိမြင်တတ်သောကြောင့်ဒဿန မည်၏။ ကိလေသာတို့မှဝေးကွာ၍ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိ မည်၏။ 

ထို့ကြောင့် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ ဟူသည် မဂ်မဟုတ် ဟုဆုံးဖြတ်ပြီးနောက် ဒယဗ္ဗယဥာဏ် ဆုံး
ပိုင်းမှစပြု၍ အနုလောမဥာဏ် သို့တိုင်အောင် သုံးသပ်စင်ကြယ်သော ဥာဏ်စင်ကြယ်မှုမျိုး
ကို ဆိုပေသည်။

၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ။ (မဂ်ဟုတ်သည်, မဟုတ်သည်၌ ဉာဏ်အမြင် စင်ကြယ်မှု)။

မဂ်ဟုတ်သည်, မဟုတ်သည်ကို ပိုင်းခြားသိမြင်သောဉာဏ်သည်
မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

ဤအဆင့်တွင် ယောဂီပုဂ္ဂိုလ်သည်၊ ရုပ်၊နာမ် တို့၏ ဖြစ်ပျက်မှုသဘောကို ရှင်းလင်းစွာမြင်သောကြောင့် စိတ်အလွန်ကြည်လင်ပေသည်။
ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်၍လာပေသည်။

ထိုအခါ “ငါသည် ရှေးက ကိုယ်ရောင်ကိုယ်ဝါ မဖြစ်ဖူးချေ။ ကိုယ်ရောင်ကိုယ်ဝါ ထွက်ဖြာစေနိုင်သောစိတ်သည် မဂ်စိတ်၊ ဖိုလ်စိတ်ပင် ဖြစ်ရာ၏။ ငါမဂ် ရပြီ၊ ဖိုလ် ရပြီ” ထင်၍၊ အားထုတ်ဆဲ ကမ္မဋ္ဌာန်း ကိုစွန့်၍
ကိုယ်ရောင်ကိုယ်ဝါ ပေါ်၌ နှစ်သက်ကာ လမ်းမှားသို့ ရောက်တတ်ပေသည်။

ယင်းကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သော်၊ ယောဂီပုဂ္ဂိုလ်သည် ၀ိပသနာတရားကို မပြတ် ရှုမှတ် အားထုတ်မှသာလျှင် မဂ်, ဖိုလ် ရကြောင်း လမ်းမှန် (မဂ္ဂ)ဖြစ်ပေသည်။

အရောင်အ၀ါ ၌ နှစ်သက်လျှင် လမ်းမှား (အမဂ္ဂ) ဖြစ်ပေသည်။
ဤသို့ လမ်းမှန်၊ လမ်းမှားကိုသိမြင်သော ဉာဏ်သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

(မှတ်ချက်။ ဤအဆင့်သည်အလွန်အရေးကြီး၏။ မိမိ ခန္ဓာကိုယ်ထဲမှ အလင်းဓာတ်ကြီး ထွက်လာသောအခါ အလွန်ဆန်းကြယ်စွာ၊ ခံစားရသည်။ သို့သော် ခန္ဓာ နိရောဓော (တနည်း) ဖြစ်၊ပျက် ဆုံးသည်ကို မတွေ့သေးလျှင် ဆက်၍ ရှုမှတ်အားထုတ်ရပေမည်။)

( သင်္ဂဟ၊ ၁၅၆ )

၎။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ (ယုံမှားခြင်းမှ စင်ကြယ်မှု)။

ဤ၌၊ ကင်္ခါသဒ္ဒါ သည် "ယုံမှားခြင်း" ဟူသောအနက်ကို ပြောပေသည်။
ယုံမှားခြင်းဟူသည် . .
“ငါသည် ရှေးကဖြစ်ဖူးခဲ့သလော” စသည်ဖြင့်၊ ကာလအပိုင်းအခြားတို့ကို ယုံမှားလေ၏။
“အလုံးစုံကို သိမြင်နိုင်သော ဘုရားရှင်ဟူသည် ရှိမှရှိနိုင်ပါမည်လော” ဟု ဘုရားရှင်အပေါ်၌ ယုံမှားလေ၏။

ဤကဲ့သို့ ယုံမှားမှုအမျိုးမျိုးတို့မှ လွန်မြောက်ကြောင်းဉာဏ်သည် ကင်္ခါဝိတရဏ မည်၏။
ထိုဉာဏ်သည်ပင်၊ အဟေတုကဒိဋ္ဌိ၊ ၀ိသမဟေတုကဒိဋ္ဌိ တည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိမည်၏။

ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ဖြစ်ရန်အတွက်၊ ဒိဋ္ဌိ ၀ိသုဒ္ဓိ ဖြင့်သိမြင်ပြီးဖြစ်သော
ရုပ်၊ နာမ်တရားတို့၏ အကြောင်းရင်းဖြစ်သော
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကိုလည်း၊ ပိုင်းခြား၍ သိမြင်ရပေမည်။

( သင်္ဂဟ၊ ၁၅၆ )

၃။ ဒိဋ္ဌိ ၀ိသုဒ္ဓိ (အယူ၏ စင်ကြယ်မှု)။

ဒိဋ္ဌိ ၀ိသုဒ္ဓိဟူသည်၊ ရုပ်၊ နာမ် ဓမ္မ သင်္ခါရတို့ကို၊ "အတ္တ" ဟုစွဲလမ်းသော မိစ္ဆာအယူမှ စင်ကြယ်၍၊ သန့်ရှင်းသော အသိဉာဏ် ကိုဆိုပေသည်။

စိတ်၊ စေတသိက် ဟူသော နာမ်တရားနှင့်၊ နီပ္ဖန္နရုပ်တို့ကို
လက္ခဏ၊ ရသ၊ ပစ္စုပဌာန်၊ ပဒဌာန် တင်၍ဆင်ခြင်သောအခါ . .

• သိမှုသည် . . စိတ်၊
• ခံစားမှုသည် . . ဝေဒနာ၊
• မှတ်သားမှုကား . . သညာ၊
• ပြုလုပ်အားထုတ်မှုကား . . သင်္ခါရ၊
• ဖောက်ပြန်တတ်မှုသည်ကား . . ရုပ်တရား၊
ဤခန္ဓာငါးပါးမှတပါး အတ္တဟူသော တရားမျိုးမရှိဟု သိမြင်နိုင်၏။

ဤကဲ့သို့ သိမြင်နိုင်သောဉာဏ်သည်ပင် . .
အတ္တဟူသော စွဲလမ်းမှု အညစ်အကြေးမှ စင်ကြယ်သောကြောင့်
ဒိဋ္ဌိ ၀ိသုဒ္ဓိ မည်ပေသည်။

( သင်္ဂဟ၊ ၁၅၆ )

၂။ စိတ္တ ၀ိသုဒ္ဓိ (စိတ် စင်ကြယ်မှု)။

ကာမစ္ဆန္ဒ နီဝရဏ၊ စသော ကိလေသာအညစ်အကြေးတို့မှ စိတ်ကိုသန့်ရှင်းစေခြင်းသည် စိတ္တ ၀ိသုဒ္ဓိ မည်၏။

ကမ္မဠာန်း(၄၀)တို့ကို အားထုတ်သောအခါ၊ ဥပစာရသမာဓိ နှင့်
အပ္ပနာသမာဓိ ဟူသော ဘာဝနာသို့၊ သက်ဝင်သော စိတ်အစဉ်သည်၊ သန့်ရှင်းစင်ကြယ်၏။

ထိုစိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းကို စိတ္တ ၀ိသုဒ္ဓိဟုခေါ်ဆိုပေသည်။

( သင်္ဂဟ၊ ၁၅၆ )

၁။ သီလ ၀ိသုဒ္ဓိ (သီလစင်ကြယ်မှု)

တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်သည်၊ သီလစင်ကြယ်ရန် အထူးလိုအပ် ပေသည်။ သီလစင်ကြယ်ရန်ဟု ဆိုရာ၌၊ လူဖြစ်သော် လူသီလ၊ ရဟန်းဖြစ်သော် ရဟန်းသီလတို့၏ စင်ကြယ်ခြင်းကို ဆိုခြင်းဖြစ်သည်။

ရဟန်းတော်တို့တွင် စတုပါရိသုဒ္ဓိသီလ စင်ကြယ်သော်၊ သီလ၀ိသုဒ္ဓိ ဖြစ်၏။ လူတို့တွင် ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလတို့ကို လုံခြုံအောင် စောင့်ထိန်းလျှင် သီလ၀ိသုဒ္ဓိ ဖြစ်၏။

( သင်္ဂဟ၊ ၁၅၆ )

အကျင့်လမ်းကိုဆင်ခြင်ပါ။

ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။

ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြည့်စုံနေပေ၏။

အို…သူတော်ကောင်း - ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

( မဟာစည်ဆရာတော်ဘုရားကြီး )
အကျင့်လမ်းကိုဆင်ခြင်ပါ။
••••••••••••••••••••••

“ ရုပ်စင်ကြယ်ရုံမျှဖြင့် စိတ်မစင်ကြယ် ”

“ ရူပေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာန၀ါ။
ရူပေသုဒ္ဓေ ၀ိသုဇ္စန္တိ၊ အနက္ခာတံ မဟေသိနာ။ ”

- ရုပ်ညစ်နွမ်းတဲ့အတွက်ကြောင့် သတ္တ၀ါတွေညစ်နွမ်းကြ
ရလေကုန်၏။
ဒီအဓိပ္ပာယ်လေးကို သေသေချာချာ နားလည်စေချင်
ပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကရော၊
ဘုရားရှင် မပွင့်ပေါ်မီ အခါကရော၊ အခုအခါမှာရော
လို့ကို ပြောလိုက်ဦးမယ်။ အရင်ရော၊ အခုရော၊ နောင်ရော
ပေါ့လေ။ အယူအဆအတွေးအခေါ် ရှိပါတယ်တဲ့။

- ရုပ်ကိုကောင်ကြီး ညစ်နွမ်းတဲ့အတွက်ကြောင့်
သတ္တ၀ါတွေညစ်နွမ်းကြရပါတယ်။ ရုပ်ကိုယ်တော်ကြီးသာ
စင်ကြယ်မယ်ဆိုရင် သတ္တ၀ါတွေလည်း ချမ်းသာမယ်၊
စင်ကြယ်မယ်ဆိုတဲ့ အယူအဆရှိပါတယ်တဲ့။

ဟုတ်တယ် ။ အဲ့ဒီလို အယူအဆ အတွေးအခေါ်ဟာ
ဟိုအရင်ဘုရားမပွင့်မီကတည်းက ရှိနေခဲ့ပါတယ်။ ပွင့်တော်
မူတဲ့အခါ မှာရော၊ အခုရောပေါ့လေ။ ဒီအယူအဆက ရှိနေ
တုန်းပါပဲ။

ရုပ်ညစ်နွမ်းလို့ သတ္တ၀ါတွေ ညစ်နွမ်းတယ်။ ရုပ်စင်ကြယ်ရင်
သတ္တ၀ါတွေ စင်ကြယ်တယ်ဆိုတဲ့ အယူဝါဒကို ဘုရားရှင်
မဟောပါဘူးတဲ့။

- အဲဒီလို အယူအဆဟာ မမှန်ပါဘူးလို့ပြောလိုတာပါပဲ။
ဟုတ်ပါတယ် တစ်ချို့က ခန္ဓာကိုယ်အကောင်လုံးကြီးနဲ့
ပတ်သက်ပြီးဖြစ်တတ်တဲ့ ပူမှုတွေကုန်အောင် အအေးခံပြီး
ဖျောက်ကြလို့ ၊ အပူစင်အောင်တဲ့ အဲဒီလိုပဲ အေးမှုတွေကို
ကုန်ခမ်းအောင် အပူခံပြီးဖျောက်ကြ၊ ပယ်ကြလို့ အအေး
စင်အောင်တဲ့။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကောင်ကြီးကိုသာ
ဂရုစိုက်တဲ့သဘောပေါ့။

- နောက်ပြီး ဒီရုပ်ကောင်ကြီးနဲ့စပ်ပြီး နာတာ မရှိအောင်၊
မနာပေါ်အောင်။ ကျင်တာမရှိအောင်၊ မကျင်တာပေါ်အောင်။
ပူတာ၊ မာတာ၊ တင်းတာတွေ မရှိအောင်၊ မဖြစ်အောင်၊ မပေါ်
အောင်၊ အေးတာပျော့တာတွေဖြစ်လာအောင် ၊ ရှိလာအောင်၊
ပေါ်လာအောင် ဆိုတာတွေကိုပဲ ကြိုးစားပြီးနေရမယ်ဆိုတဲ့
အယူအဆမျိုးတွေပါ။

- အမှန်က ဒီကိုယ်ကောင်ကြီး၊ ဒီရုပ်ကြီး ရှိနေသရွေ့ ကာလ
ပတ်လုံး နာတာလဲရှိမှာ၊ ဖြစ်မှာပဲ။ မနာတာလည်း ရှိမှာဖြစ်မှာ
ပါပဲ။ ပူတာ အေးတာ မာတာ ပျော့တာ တင်းတာ လျှော့တာ
ဆိုတာတွေကတော့ ဒီကိုယ်ကောင်ကြီးရှိနေသရွေ့ အကြောင်း
ဆုံတိုင်း အကျိုးတရားအနေနဲ့ ပေါ်လာကြတာပါပဲ။

- နာတာကို မနာအောင်၊ ပျောက်အောင် ၊ ဒီနာတာကြီးကို
ကျော်လွှားနိုင်အောင်။ “ ဒီနာတာကို ကုန်ခမ်းသွားအောင်
အလုပ်တစ်ခုအနေလုပ်ပြီး ကျင့်ကြံအားထုပ်မှ တရား” ဆိုတဲ့
အယူအဆမျိုးတွေကို ပြောတာပါ။

ဒီရုပ်ကိုကြီး ကောင်းမှ၊ စင်ကြယ်မှ သတ္တ၀ါတွေ ကောင်းမယ်၊
စင်ကြယ်မယ်ဆိုတဲ့ အယူအဆမျိုးတွေကို ဘုရားရှင်မဟောပါ
ဘူးတဲ့။ မှန်တယ်လို့မပြောပါဘူးတဲ့။ ကြာကြာထိုင်နိုင်ရုံ၊ ကြာကြာ
ရပ်နေရုံ၊ ကြာကြာလျှောင်းနိုင်ရုံ၊ ကြာကြာလမ်းလျှောက်နိုင်ရုံနဲ့
သတ္တ၀ါတွေရဲ့ သန္တာန်မှာ စင်ကြယ်ခြင်းဆိုတဲ့သဘော ပေါ်ပေါက်
လာတာနဲ့ ဘာမျှမဆိုင်ဘူးဆိုတဲ့ သဘောပါပဲ။

- အရှင်ဆေကိန္ဒ ( ဓမ္မဒူတဇေတ၀န်တောရ)
“ ရုပ်စင်ကြယ်ရုံမျှဖြင့် စိတ်မစင်ကြယ် ”
••••••••••••••••••••••••••••••••

Sonntag, 6. Januar 2013

ရိုသေစွာ ပေးလှူသည်ရှိသော်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

''သူကြွယ် သင်၏ အိမ်၌ အလှူကို ပေးလှူ၏လော''ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်း ပအုံးရည်လျှင် နှစ်ခွက်မြောက်သော ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာ ဖြစ်ပါသည်ဟု (လျှောက်၏)။

သူကြွယ် - ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း
• မရိုမသေ လှူပါမူ၊
• စိတ်မပါဘဲ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ လှူပါမူ၊
• ကံ ကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ..

ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နား မထောင်ကုန်၊ သိရန် စိတ်ကို မထားကုန်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။
သူကြွယ် - မရိုမသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

သူကြွယ် - ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း
• ရိုရိုသေသေ လှူပါမူ၊
• စိတ်ပါဝင်စားစွာ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊
• ကံကံ၏ အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ..

အလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) နာခံ လိုကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်။
သူကြွယ် - ရိုရိုသေသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သော ကြောင့်တည်း။

( အင်္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ဝေလာမသုတ် )
ရိုသေစွာ ပေးလှူသည်ရှိသော် ..
•••••••••••••••••••••••••••••

Samstag, 29. Dezember 2012

"သောတာပန်၏ ထူးခြားချက်(၇)ရပ်"

"သောတာပန်၏ ထူးခြားချက်(၇)ရပ်"
••••••••••••••••••••••••••••••••••

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။

★သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။
ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။
လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။
စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။

ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလက္ခဏာတွေချည်းပဲ၊
ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင်
ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။

★ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။★

★အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။

★၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။

ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။ 

★အကျဉ်းအားဖြင့် 
သစ္စာသိရင် သစ္စဉာဏ်၊
ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊
ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။★

★ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။
သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။★

★★သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ 
ဒေါသလဲ ဖြစ်သေးတယ်၊ 
မောဟလဲ ဖြစ်သေးတယ်။
ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။
 ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ 
ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ 
ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က
 ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။★★

★ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ
ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့
နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။★

★ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။★

☑လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

☑နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

☑(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

☑(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။

☑နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။

☑နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။

☑နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။

★★★အကျဉ်းပြန်ချုပ်လိုက်ရင်-★★★

၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။

၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။

၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။

၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။

၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။

၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။

၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။

ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)

ဒေါက်တာအရှင်ပါရမီ

 _/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ
 ကျန်းမာ, ချမ်းသာကြပါစေ …_/|\_

Sonntag, 23. Dezember 2012

ပေးကမ်းစွန့်ကြဲခြင်း

ရဟန်းတို့ -
ပေးကမ်းစွန့်ကြဲခြင်း စေတနာရဲ့အကျိုးကို
ငါဘုရား သိသလို၊ သတ္တ၀ါများ သိကြမယ်ဆိုရင် . .

• ကိုယ်စားမယ့်ဝတ္ထုထဲက၊ သူတစ်ပါးကို မပေးကမ်းပဲ၊
ဘာကိုမျှ စားနိုင်မည်မဟုတ်ပေ။

• ကိုယ့်ပစ္စည်းကို မပေးရက်တဲ့ အကုသိုလ်စိတ်တွေလည်း၊
သတ္တ၀ါတို့ကို နှိပ်စက်နိုင်မှာ မဟုတ်ပေ။

( ဣတိဝုတ်ပါဠိတော်၊ ဒါနသုတ် )

Donnerstag, 20. Dezember 2012

ရုပ်ကိုပြုပြင်တဲ့ အကြောင်းတရား

ရုပ်ကိုပြုပြင်တဲ့ အကြောင်းတရား လေးပါးက ကံ, စိတ်, ဥတု, အာဟာရ။ ကံတရားက ရုပ်ကိုပြင်တယ်။ ကံကသေဆိုလျှင်သေတာဘဲ။
စိတ်ကလည်း ပြုပြင်တယ်။ စိတ်ညှိုးတော့ ရုပ်လည်းညှိုးတယ်။ ဥတုကလည်း ပြုပြင်တယ်။ ဥတုအေးလျှင် ရုပ်က အအေးရုပ်၊ ဥတုက ပူတော့ အပူရုပ်။
အာဟာရကလည်း ရုပ်ကိုပြုပြင်တယ်။ ဆာလောင်မွတ်သိပ်တော့ တစ်မျိုး။ ၀မ်းပြည့်တော့ တစ်မျိုးနဲ့ အမျိုးမျိုး ပြုပြင်ပေးနေတာဘဲ။

ဒီလေးခုက ပြုပြင်လိုက်လို့ ပေါ်လာရတဲ့ ရုပ်တရားတွေဟာ သင်္ခါရဘဲ။ သူတို့ပြုပြင်လို့ ပေါ်လာရတာဖြစ်လို့ ဘယ်ရုပ်မဆို သင်္ခါရဘဲ။

နာမ်ဆိုတာလည်း အာရုံ နဲ့ ဒွါရ တိုက်ဆိုင်မှ ပေါ်လာရတယ်။
ဥပမာ - မျက်လုံးအကြည်, နားအကြည် စတဲ့ အကြည်ရုပ်တွေက အခံဓာတ်။
အဆင်းအာရုံ, အသံအာရုံစတဲ့ အာရုံတရားတွေက အတိုက်ဓာတ်။
အဲဒီ အာရုံတွေနဲ့ အကြည်ဒွါရနဲ့ တိုက်ဆိုင်တဲ့အခါမှာ နာမ်တရားတွေ ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် နာမ်တရားဟာလည်း၊ အာရုံနဲ့ ဒွါရက ပြုပြင်လို့ ပေါ်လာရတဲ့ တရားဖြစ်လို့၊ နာမ်ဟာလည်း သင်္ခါရဘဲ။

ဒကာ, ဒကာမတို့ခန္ဓာမှာ ရုပ်နဲ့နာမ်ဘဲရှိတယ်။ အကြောင်းလေးပါး ပြုပြင်တာက ရုပ်။ အကြောင်းနှစ်ပါး ပြုပြင်ထားတာက နာမ်။ ဒီနှစ်မျိုးဘဲ ခန္ဓာမှာရှိတယ်။ ဒီလိုပြုပြင်ထားတဲ့ ခန္ဓာငါးပါး (ရုပ်နာမ်နှစ်ပါး) ဟာ သင်္ခါရဘဲ, သင်္ခါရအစုဘဲဆိုတာ မှတ်ထားကြ။

ဒီတော့ ဒီခန္ဓာထဲမှာ ကိုယ်လုပ်ထားတာ မပါဘူး။ ကိုယ်လုပ်လို့ဖြစ်တဲ့ပစ္စည်း တစ်ခုမှ မပါဘူး။ နာမ်ထဲမှာလည်း မပါဘူး။ ရုပ်ထဲမှာလည်း မပါဘူး။ ဒီရုပ်, ဒီနာမ်ဟာ အကြောင်းတရားက လုပ်ပေးထားလို့ ဖြစ်ပေါ်ရတဲ့တရားဘဲ။ ဒီခန္ဓာဟာ သူများပြုပြင်ထားတဲ့ သင်္ခါရအစုဘဲ။ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က ဒီရုပ် ဒီနာမ် ဒီခန္ဓာတွေကို "ငါ" မစွဲနဲ့တဲ့။ သူများပြုပြင်ထားတဲ့ သင်္ခါရမို့ သင်္ခါရလို့ဘဲ သဘောထားလိုက်ကြတဲ့။ ဒီဟာတွေအပေါ်မှာ "ငါ" ၀င်မရှုပ်နဲ့တဲ့။ "ငါ" ၀င်ရှုပ်ရင် သက္ကာယဒိဋ္ဌိဘဲလို့ ဟောတော်မူထားခဲ့တယ်။

ဒီအထဲမှာ ငါပိုင်တာ ငါဆိုင်တာ မပါဘူး။ ဒါကြောင့် "ငါပိုင်" "ငါဆိုင်" ဆိုတာလည်း ၀င်ပြီးမရှုပ်ကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။ ရုပ်ရော နာမ်ရော၊ သူ့အကြောင်းတရားက ပြုပြင်ပေးလို့ ဖြစ်ကြရတာ။ ကိုယ်ပိုင် ကိုယ်ဆိုင်တာ မဟုတ်လို့ အနတ္တတရားတွေဘဲလို့ သဘောပေါက်ကြ။

( မိုးကုတ်ဆရာတော်ဘုရားကြီး )

ဝေးသော်လည်း နီးပါသည်။

အနာထပိဏ်သူဋ္ဌေး၏သမီး စူဠသုဘဒ္ဒါသည် ဥဂ္ဂမြို့မှ သူဋ္ဌေးသားနှင့် လက်ထပ်ထိမ်းမြား၏၊ ထို့နောက် လင်ယောက်ျားအိမ်သို့ လိုက်နေရ၏၊ ယောက်ျားသည် တိတ္ထိများကို ကိုးကွယ်သူဖြစ်သည်။ သူ၏အိမ်၌ မင်္ဂလာပွဲ ကျင်းပသောအခါ အ၀တ်မ၀တ်သော တိတ္ထိဆရာကြီးများကို ဖိတ်ခေါ်ကျွေးမွေး၏၊ ယောက္ခမများက စူဠသုဘဒ္ဒါအား ရှိခိုးရန်ခေါ်၏၊ စူဠသုဘဒ္ဒါသည် တိတ္ထိများကို ကြည့်ရန်ရှက်သဖြင့် အနားမလာပေ။

ထို့နောက် ယောက္ခမများအား မြတ်ဗုဒ္ဓဂုဏ်တော်များကို ပြောပြရာ၊
အိမ်သို့ ပင့်ဖိတ်ခွင့်ပြုသဖြင့်၊ စူဠသုဘဒ္ဒါသည်၊ ဇေတ၀န်ကျောင်းတော် ရှိရာဘက်သို့ မျက်နှာမူ၍ . .
"အရှင်ဘုရား၊ မနက်ဖန် သံဃာတော်များနှင့်တကွ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ၊ ဤပန်းဖြင့် ပူဇော်ပင့်ဖိတ်ပါသည်" ဟု အဓိဋ္ဌာန်ပြု၍ မြတ်လေးပန်းရှစ်ဆုပ်ကို ကောင်းကင်သို့ လွှင့်တင်လိုက်၏။

ပန်းများသည် ဘုရားရှင်အထံ ရောက်သွားပြီး၊ တရားပလ္လင်အထက်ဝယ် ပန်းမျက်နှာကြက်ဖြစ်၍ တည်၏၊ ထိုအချိန်တွင် အနာထပိဏ်သူဋ္ဌေးက နက်ဖြန် သူ၏အိမ်သို့ ဆွမ်းစားကြွပါ-ဟု လာပင့်ရာ၊ ဘုရားရှင်က၊ ဥဂ္ဂမြို့မှ စူဠသုဘဒ္ဒါ၏ ဖိတ်ကြားချက်ကို လက်ခံပြီးကြောင်း မိန့်ကြား၏၊

အနာထပိဏ်သူဋ္ဌေးက၊ "အရှင်ဘုရား - စူဠသုဘဒ္ဒါသည် ဤအရပ်မှ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးသောအရပ်၌ နေသည်မဟုတ်ပါလော" ဟု လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က၊
"ဒါယကာကြီး - သူတော်ကောင်းတို့သည် ဝေးသောအရပ်၌ နေသော်လည်း မျက်မှောက်အနီး၌ တည်သကဲ့သို့ ထင်ရှားရှိကုန်၏" ဟု မိန့်တော်မူပြီး အောက်ပါဒေသနာတော်ကို ဟောကြားတော်မူသည်။

နောက်နေ့တွင် နတ်သိကြားတို့၏ အကူအညီဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များ ကြွရောက်၍ တရားဟောတော်မူရာ၊ ဥဂ္ဂသူဋ္ဌေး ဇနီးမောင်နှံနှင့်တကွ ပရိသတ်အပေါင်းသည် သောတာပန်စသည် ဖြစ်ကြလေသတည်း။

"ဟိမ၀န္တာတောင်သည် အဝေး၌တည်နေသော်လည်း ထင်ရှားသကဲ့သို့၊ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း၊ ထင်ရှားကုန်၏။ ညအခါ ပစ်လွှတ်လိုက်သော မြားတို့သည် မထင်ရှားကုန်သကဲ့သို့၊ သူယုတ်မာတို့သည် အနီး၌ တည်နေကြသော်လည်း၊ မထင်ရှားကြကုန်"

( ဓမ္မပဒ - ပကိဏ္ဏက၀ဂ် )
ဝေးသော်လည်း နီးပါသည်။
•••••••••••••••••••••••