မို့တွင်းသို့၊ သာဝကရှစ်ကျိပ်နှင့်အတူ ရဟန်းတော်ငါးရာ ခြံရံလျက် ဆွမ်းခံကြွတော်မူ၏။
ဘုရားရှင်နှင့်တကွ နောက်ပါရဟန်းငါးရာတို့ ဆွမ်းခံကြွလာသည်ကို ဖူးမြင်ရသောအခါ၊ သူငယ်တို့သည် ဘုရားရှင်ကို ရှိခိုး အရိုအသေပြုပြီး၊ သွားမြဲဆက်သွားကြသည်။ ပါလာသောမုန့်များကိုမူ မကပ်လှူကြပေ။
ဘုရားရှင်က "ရဟန်းတို့ - ထိုသူငယ်တို့သည် ငါဘုရားကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း မုန့်အလှူခံရန် မဖိတ်ကြားသော်လည်း၊ မုန့်ရှင်ဖြစ်သော ရဟန်းသည်ကား၊ နောက်က လာနေ၏။ မုန့်တို့ကိုစားပြီးမှ သွားသင့်၏"ဟု မိန့်တော်မူပြီးလျှင်၊ ရဟန်းအပေါင်းနှင့်တကွ၊ သစ်ပင်ရိပ်တွင် ထိုင်တော်မူလေသည်။ နောက်မှလိုက်လာသော အရှင်မဟာကဿပကို ဖူးတွေ့ရသောအခါတွင်ကား၊ သူငယ်ငါးရာတို့သည်၊ ရိုသေစွာရှိခိုးကြပြီးလျှင် မုန့်များကို တောင်းလိုက်လှူဒါန်းကြ၏။
အရှင်မဟာကဿပက ထိုမုန့်တို့ကို ဘုရားရှင်နှင့်တကွ နောက်ပါရဟန်းများအား လှူဒါန်းရန် ညွှန်ကြား၏။ သူငယ်တို့သည် အရှင်မဟာကဿပနှင့် အတူလိုက်ပါကာ၊ ဘုရားရှင်နှင့်တကွ သံဃာတော်များအား၊ ကပ်လှူကြ၏။ မုန့်များဘုဉ်းပေး၍ပြီးသောအခါ၊ သောက်ရေ ဆက်ကပ်ကြ၏။
ရဟန်းတို့က "သူငယ်တို့သည်၊ မျက်နှာကြီးရာ လိုက်ပါ၍ လှူဒါန်းကြကုန်၏။ ဘုရားရှင်ကိုလည်းကောင်း၊ မဟာသာဝကအရှင်မြတ်ကို လည်းကောင်း၊ မလှူဒါန်းကြဘဲ၊ အရှင်မဟာကဿပကိုသာ လှူဒါန်းကြ ကုန်၏"ဟု ကဲ့ရဲ့ကြကုန်၏။ ဘုရားရှင်က ရဟန်းတို့စကားကို ငြင်းပယ်တော်မူပြီးလျှင် ရဟန်းတို့ ငါ၏သားတော် ကဿပကဲ့သို့ ကျင့်သောရဟန်းကို လူရောနတ်ပါ ချစ်မြတ်နိုးကြသည်-ဟု မိန့်ကြားကာ အောက်ပါဂါထာကို ဟောတော်မူ၏။
( ပါဠိဂါထာ )
သီလဒဿန သမ္ပန္နံ ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ ။
အတ္တနော ကမ္မ ကုဗ္ဗာနံ ၊ တံ ဇနော ကုရုတေ ပိယံ ။
( မြန်မာပြန် )
သီလနှင့်လည်း ပြည့်စုံ၊ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၊ တရား၌တည်၍ အမှန်ကိုလည်း ပြောဆိုတတ်၊ မိမိပြုအပ်သည့် ကျင့်ဝတ်နှင့်လည်း ပြည့်စုံသောသူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။
( ဆောင်ပုဒ် )
သီလဉာဏ်မြင်၊ ပြည့်စုံလင်၍၊ ဖြူစင်မွန်မြတ်၊ တရားဓာတ်ကို၊ ရလတ်တဖန်၊ အမှန်ပြောတတ်၊ ကိုယ်ပြုအပ်သည့်၊ သုံးရပ်သိက္ခာ၊ ဖြည့်ကျင့်လာတတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ လူနတ်မျိုးမျိုး၊ ချစ်မြတ်နိုး၏။
( ပိယ၀ဂ်-ပဉ္စသတဒါရက၀တ္ထု )

Keine Kommentare:
Kommentar veröffentlichen