Donnerstag, 1. November 2012

လူ့ပဋ္ဌာန်း(ဟေတုပစ္စည်း)



“ဘုံမြေကြီးနှင့် ရေသောက်မြစ်ခြောက်သွယ်”

“ပဋ္ဌာန်းဒေသနာတော်ကြီးဟာ အလွန်ကြီးကျယ်”တယ်လို့ ပြောရတာက အတိုင်းအတာပမဏ ကြီးမားတာကြောင့် သက်သက် မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ကို ပယ်ရှားနိုင်တဲ့ အစွမ်းသတ္တိကိုက ကြီးမားလို့ပါ။

ပဋ္ဌာန်းဒေသနာတော်ရဲ့ အနှစ်ချုပ်က “ပစ္စယေနပစ္စယော” ဆိုတဲ့အတိုင်း သက်ရှိသက်မဲ့ သင်္ခါရဓမ္မဟူသမျှဟာ အကြောင်းအကျိုး ဆက်စပ်ပြီး တော့သာဖြစ်တယ်။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကလွဲယင် ဘယ်အရာမှ အကြောင်းနဲ့ကင်းပြီး မဖြစ်နိုင်သလို အရဟတ္တ ဖိုလ် မရောက်သေး သမျှ အကြောင်းရှိလျက် အကျိုးမပေး ဆိုတာလည်းမရှိဘူးလို့ သိစေလိုရင်းဖြစ်ပါတယ်။

ဒီလိုသိရှိ ခံစားနိုင်တဲ့ပုဂ္ဂိုလ်များဟာ သတ္တ၀ါတွေကို သံသရာဝဋ်နယ်က ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားတဲ့ အခိုင်မာဆုံး ကြိုးကြီးများလို့ ဆိုရမည့်….
(၁)“ကောင်းကျိုး ဆိုးပြစ်ဆိုတာ ဘာအကြောင်းမှမရှိ၊ သူ့အလိုလို ဖြစ်ချင်သလိုဖြစ်နေကြခြင်း သာဖြစ်တယ်”ဆိုတဲ့ အဟေတုက ဒိဋ္ဌိ အယူမှား။
(၂) “ကောင်းမှုဆိုးမှု ဘာတွေပဲပြုနေပြုနေ ကောင်းကျိုးနဲ့ ဆိုးပြစ်ကို ပေးနိုင်စွမ်းမရှိကြဘူး။ ဘာပဲ ပြုပြု ပြုတယ်မမည်ဘူး” ဆိုတဲ့ အကိရိယဒိဋ္ဌိ အယူမှား။
(၃)ကောင်းမှုဆိုးမှုတို့မှာ ကောင်းကျိုးဆိုးပြစ်ဆိုတာ ရှိကိုယ်မရှိဘူးလို့ယူတဲ့ နတ္ထိကဒိဋ္ဌိ အယူမှားဆိုတဲ့ သာသနာတော်နဲ့ အဆန့်ကျင်ဆုံး အယူမှားကြီးသုံးမျိုးကို “ပစ္စယေနပစ္စယော”ဆိုတဲ့ ပဋ္ဌာန်း ဒေသနာတော်က ဖယ်ရှား သုတ်သင်နိုင်စွမ်းရှိပါတယ်။

အကြောင်းနဲ့ အကျိုးကို လက်ခံယုံကြည်ခြင်းဟာ အရိုင်းခေတ်က အယဉ်ခေတ်ကို ပြောင်းလဲ တိုးတက်စေခြင်းရဲ့ အဓိက အခြေ ခံ တရားဖြစ်လို့ ကမ္ဘာပြုတရားလို့လဲ ဆိုနိုင်ပါတယ်။ ဒီစွမ်းရည်သတ္တိဟာ ပဋ္ဌာန်းဒေသနာတော်ကြီးကို “ကြီးကျယ်မြင့်မြတ်ပါပေ တယ်” ပြောနိုင်ခြင်းရဲ့ ပိုပြီးအရေး ပါတဲ့ အကြောင်းတရားလို့ ဆိုနိုင်ပါတယ်။

“ဟေတုပစ္စည်း ရေသောက်မြစ် ခြောက်သွယ်”
ဒီကြီးကျယ်တဲ့ ပဋ္ဌာန်းဒေသနာတ်ာကြီးမှာ အခြေခံ အကျဉ်းချုပ်အဖြစ် ပြထားတဲ့အကြောင်းတရား (၂၄)ခု (နှစ်ဆယ့်လေး ပစ္စည်း)ရှိတဲ့အထဲက ပထမဆုံးအကြောင်း(ပစ္စည်း)တရားက “ဟေတုပစ္စည်း” ဖြစ်ပါတယ်။ ဟေတုပစ္စည်းအမည်ရတဲ့ ဟိတ် တရားခြောက်ပါးရှိတယ်။
လောဘ= လိုချင်တပ်မက်စွဲလန်းတဲ့သဘော။
ဒေါသ= စိတ်တို၊ စိတ်ဆိုး၊ အမျက်ထွက်၊ ရန်ငြိုးဖွဲ့တဲ့ သဘော။
မောဟ= တွေဝေတဲ့သဘော၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့တာ အမှားအမှန် ဝေဖန်တတ်တာစတဲ့ “မသိ၊ မလိမ္မာ၊ ဉာဏ်တုန်း တာ၊ အဝိဇ္ဇာမောဟ” ဆိုတာ အဓိပ္ပာယ်တူပရိယာယ်တွေပါပဲ။ ဒီသုံးပါးက အကုသိုလ် တရားတို့ရဲ့ အခြေခံဖြစ်လို့ “အကုသိုလ် ဟိတ်သုံးပါး” လို့ ခေါ်ပါတယ်။

ဒီတရားများရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်ဟိတ်သုံးပါးကို-
အလောဘ= မလိုချင်တဲ့သဘော၊ အဒေါသ=အမျက်မထွက်တဲ့သဘော၊ အမောဟ= မတွေဝေတဲ့ သဘောလို့ အတိုချုပ် မြန်မာပြန်ထားပေမယ့် တကယ်စေတနာ ပါပါနဲ့ ဒီတရားတွေဖြစ်ဖို့ ဆိုရင်တော့
အလောဘ= စွန့်လွှတ်နိုင်စွမ်းရှိတဲ့သဘော၊
အဒေါသ= ခွင့်လွှတ်နိုင်စွမ်းရှိတဲ့သဘော၊
အမောဟ= စဉ်းစားဝေဘန် ခွဲခြမ်းနိုင်တဲ့သဘောလို့ ပြောမှ ပိုမှန်ပါလိမ့်မယ်။ ပစ္စည်းတစ်ခုကို ကိုယ် မကြိုက်တတ်လို့ မလိုချင် တာဟာ အလောဘ မဟုတ်သေးပါဘူး။ လူတိုင်းကြိုက်တတ်တဲ့ ပစ္စည်း( အာရုံဝတ္ထုအကုန်)ကို စေတနာရှိရှိ အသိဓာတ်ခံနဲ့ စွန့်လွှတ်နိုင်စွမ်းရှိတာကမှ အလောဘဖြစ်မှာပါ။

အဒေါသဆိုတာလဲ အလားတူပါပဲ။ ကိုယ်နားမလည်လို့ ဘာမှန်းမသိတဲ့အတွက် ဘယ်လိုမှ စိတ်တို စိတ်ဆိုးမဖြစ်ရုံနဲ့ အဒေါသ မဟုတ်သေးပါဘူး။ နားလည် သဘောပေါက်ပြီး သည်းခံခွင့်လွှတ် နိုင်တာကမှ အဒေါသပါ။

အမောဟဆိုတာကတော့ ဝေဖန်သုံးသပ်၊ ဆုံးဖြတ် နိုင်စွမ်းဆိုတဲ့ တတ်သိလိမ္မာ မှုများကိုဆိုလိုတာ ဖြစ်ပါတယ်။ လယ်တီ ဆရာတော် ဘုရားကြီးကတော့ “အသိ၊အလိမ္မာ၊ ဉာဏ်ပညာ၊ ၀ိဇ္ဇာ အမောဟ”လို့ဆိုပါတယ်။

ဒီဟိတ်တရား ခြောက်ပါးကို အဋ္ဌကထာဆရာက ရေသောက်မြစ်နဲ့ ဥပမာပေးပါတယ်၊ ဒါကြောင့် ပထမရွှေကျင်သာသနာပိုင် ဆရာတော်ကြီးရဲ့ ၂၄ပစ္စည်း အနက်မြန်မာပြန်မှာ-ဟေတုပစ္စယော= ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စိမ်းရှင်ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့”လို့ဆိုတာပါ။ သတ္တ၀ါတွေက သစ်ပင်ကြီးနဲ့ တူတယ်။ ဟိတ်ခြောက်ပါးက ယင်းသစ်ပင်ကြီး ရဲ့ ရေသောက်မြစ်ခြောက်ခု ဖြစ်တယ်လို့ ဥပမာပြုတာပါ၊ အကုသိုလ်ရေသောက်မြစ် သုံးခု၊ ကုသိုလ် ရေသောက်မြစ် သုံးခုပေါ့။ ရေသောက်မြစ် ဆိုတာရှိရင် စွဲမှီထောက်တည်ရာ မြေပြင် ဆိုတာလဲ ရှိရမှာပါ။ မြေပြင်ဘယ် ဟာလဲဆိုတာ “အာရုံခြောက်ပါး”လိုပဲ ပြောရပါလိမ့်မယ်။

ဒါကြောင့် ဟေတုပစ္စည်း ဘက်ကထောက်ဆလိုက်ရင် အာရမ္မဏပစ္စည်းက မြေပြင်နဲ့ တူတယ်လို့ ဆိုရပါလိမ့်မယ်။ (တစ်ခြား တူညီတဲ့ ဥပမာ တစ်မျိုးဖြစ်သွားပါလိမ့်မယ်။)

ဒီတော့ ဥပမေယျဖြစ်တဲ့ ဟေတုပစ္စည်းရဲ့ သဘောကို ရိပ်စားရှိဖို့အတွက် ဥပမာနဘက်ကို အရင်အကဲခတ်ကြည့်ရပါလိမ့်မယ်။
မြေကြီးဆိုတာ အရာဝတ္ထုအားလုံးရဲ့ တည်မှီရာဖြစ်သလို နွယ်မြက်သစ်ပင် အားလုံးတို့ရဲ့ ဘုံမိ ခင်ကြီးလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ဘယ်အပင်ကိုမှ ကန့်ကွက်ခြင်းမရှိသလို “ဘယ်အပင်က ဘယ်လို အရသာကို စုပ်ယူစေ”ဆိုတဲ့ ကန့်သတ်ခြင်း၊ ဘက်လိုက်ခြင်းလည်း မရှိပါဘူး။

ဒါပေမယ့် မြေကွက်ကလေး တစ်ခုအတွင်းမှာ အတူတူ ပေါက်နေကြတဲ့ သစ်ပင်တွေကတော့ ငရုတ်ပင်က”အစပ်သီး” သီးတယ်။ သံပုရာပင်က“အချဉ်သီး”သီးတယ်၊ ကြောင်လျှာပင်က“အခါးသီး” သီးတယ်၊ ဖရဲပင်က“အချိုသီး”သီးတယ်၊ စပယ်ပင်က အပွင့်မွှေးတယ်။ ပဒိုင်းပင်က အပွင့်နံတယ်၊ တချို့က အသက်ရှည်စေတယ်။ အဲဒါ ဘာကပေးတဲ့အကျိုးတရားတွေလဲ၊ မြေကြီး က ဘက်လိုက်ပြီး မမျှမတ ခွဲတမ်းခ ပေးတာလားဆိုတာ စဉ်းစားကြည့်လိုက်ယင် မြေကြီးက ဘယ်အပင်ကိုမှ ဘက်မလိုက်ဘူး။ ဆိုင်ရာဆိုင်၇ာ အပင်တွေရဲ့ ရေသောက်မြစ်က စုပ်ယူတဲ့အတိုင်း ပင်စည်အခက် အရွက်အပွင့်အသီးတွေမှာ ရသ၀ိပါက ဂုဏ် သတ္တိတွေ ဖြစ်ပေါ် သွားခြင်း သာ ဖြစ်တယ်ဆိုတာ သိသာပါတယ်။

အဲဒီအတိုင်းပါပဲ။ ပတ်ဝန်းကျင်မှာ မြင်ကြား တွေ့သိရသမျှ အာရုံတွေဆိုတာလဲ ဘယ်သူကိုချစ် စေ၊ ဘယ်သူ့ကိုမုန်းစေ၊ ဘယ်သူအတွက် ကုသိုလ်ဖြစ်စေ၊ ဘယ်သူအတွက် အကုသိုလ်ဖြစ်စေ၊ ဘယ်သူအတွက် အပါယ်ဆင်းရဲ ရောက်ကြောင်း အထောက်အပံ့ဖြစ်စေ၊ ဘယ်သူကိုကြတော့ လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာရရာ ရကြောင်းဖြစ်စေဆိုတဲ့ ခွဲတမ်းချပေးခြင်း ဘက်လိုက်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီအာရုံတွေကို အာရုံပြုပြီးတော့ တချိ့မှာ မုန်းတီးစိတ်၊ တချို့မှာ ချစ်ခင်စိတ်၊ တချို့မှာ ကုသိုလ်၊ တချို့မှာအကုသိုလ်၊ တချို့အပါယ်ရောက်ကြောင်း၊ တချို့ နိဗ္ဗာန်ရောက်ကြောင်းတွေ ဖြစ်ကြရတာလည်း အားလုံး အကဲခတ်မိ ကြပါလိမ့်မယ်၊ အဲဒါ ဘာကြောင့် ဖြစ်တာလဲ…..။

အဲဒါ ဟိတ်ခြောက်ပါးဆိုတဲ့ ရေသောက်မြစ် ခြောက်သွယ်တို့က ကိုယ်အားသန်ရာ အလိုက်စုပ်ယူမှု ကွဲပြားကြလို့ပဲ။ အာရုံတစ် မျိုးတည်း အပေါ်မှာပဲ လောဘ ရေသောက်မြစ်သန်သူက လောဘဖြစ် စရာလို့ ရှု့မြင်ခံရပြီး လောဘနဲ့ယှဉ်တဲ့ အကုသိုလ်တွေ ဖြစ်ကြတယ်။ ကျန်တဲ့ ဟိတ်တရား တွေကလည်း အလားတူပါပဲ။ ကိုယ်သန်ရာက ရှုမြင်စုပ်ယူကြပြီး ဆိုင်ရာ ကုသိုလ် အကု သိုလ်တွေဖြစ် ကြတာပါ။ အဲဒီလို ကျေးဇူးပြုပေး တတ်တဲ့အတွက် ဒီဟိတ်တရား ခြောက်ပါးတို့ကို ရေသောက်မြစ်နဲ့ တူတယ်လို့ ဥပမာပေးတာပါ။

ဆိုင်ရာရေသောက်မြစ်တို့ကို သန်မာစေတဲ့ မြေသြဇာနှစ်မျိုး ရေသောက်မြစ် ခြောက်သွယ် အုပ်စုနှစ်ခုရှိရာမှာ ဘယ်လိုပုဂ္ဂိုလ် မျိုးမှာ ဘယ်ရေသောက်မြစ် အုပ်စု သန်မာ အားကောင်း တတ်သလဲဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာဆရာက ရေသောက်မြစ် များ သန်မာစေတဲ့ မြေသြဇာနဲ့ တူတဲ့ အကြောင်းတရား နှစ်မျိုးကိုလည်း ရှင်းပြပါတယ်။ “အယောနိသောမနသိကာရ” လို့ခေါ် တဲ့ တွေ့ကြုံရတဲ့ အာရုံအပေါ်မှာ အကျိုးသင့်အကြောင်းသင့် ဆက်စပ်ပြီး သင့်တင့်မျှတအောင် နှလုံး သွင်းမှုမရှိဘဲ အကျိုး အကြောင်းမဲ့ ပရမ်းပတာနှလုံးသွင်း တတ်သူ( စိတ်ကောင်းမထားတတ်သူ)ရဲ့ သန္တာန်မှာ လောဘ ဒေါသ မောဟဆိုတဲ့ အကုသိုလ်ရေ သောက်မြစ် သုံးသွယ်တို့ သန်မာအားကောင်းပြီး အကုသိုလ်တရားများ ဖြစ်စေပါတယ်။ “ယောနိသော မနသိကာရ”လို့ ခေါ်တဲ့ တွေ့ကြုံသမျှ အာရုံတို့အပေါ်မှာ အကျိုးသင့် အကြောင်းသင့် ဆက်စပ်ပြီး သင့်တင့်မျှတအောင် နှလုံး သွင်းတတ်သူ( စိတ်ကောင်း ထားတတ်သူ)တို့ရဲ့ သန္တာန်မှာ အလောဘ အဒေါသ အမောဟဆိုတဲ့ ကုသိုလ်ရေ သေက်မြစ်သုံး သွယ်တို့ သန်မာအားကောင်းပြီး ကုသိုလ်တရား များ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

ဥပမာ အရက်မူးသမား တစ်ယောက်ယောက်က အေးအေးဆေးဆေး ထိုင်နေကြတဲ့ လူအုပ် တစ်အုပ်ကို ဆဲရေး တိုင်း ထွာ ပြုလုပ်တယ်ဆိုပါစို့။လောဘ ရေသောက်မြစ်သန်သူက ခုလိုသေရည် သေရက်သောက်တာဟာ စိတ်လွတ်ကိုယ် လွတ်နေချင်သလိုနေ ပြောချင်သလို ပြောရဲတဲ့ အတွက် ပျော်စရာ ကောင်းတယ်လို့ သဘောထား အားကျအတုလိုက်မယ်။

ဒေါသရေသောက်မြစ် သန်သူကတော့ ရန်စ စော်ကားတယ်ဆိုပြီး တုံ့ပြန်ရန်ပြုဖို့ ခံယူပြီး ဒေါသနဲ့ တုံ့ပြန်တယ်။
မောဟ ရေသောက်မြစ်သန်သူကတော့ အဆိုး အကောင်း အကျိုးအကြောင်းဘာမျှ မသိတဲ့အတွက် ဘာမှတုံ့ပြန်မှုမပြုဘဲ ဖာသိဖာသာပဲနေ မယ်။ ဖြစ်ပေါ်ပုံ သုံးမျိုးသုံးစားကွဲပေမယ့် ဒီသုံးမျိုး(သုံးဦး)လုံးဟာ အယောနိသောမနသိကာရ= အကျိုးအကြောင်း သင့်တင့် မှန်ကန်အောင် နှလုံးမသွင်းနိုင်မှု (စိတ်ကောင်းမထားတတ်မှု)”ချင်းကတော့ အတူတူပဲဖြစ်ပါတယ်။

အလောဘ ရေသောက်မြစ် သန်သူကတော့ ဒီလို မူးယစ်သောက်စားခြင်းဟာ အရှက်အကြောက်ကင်းမဲ့ စေတဲ့ အတွက် ရှောင် ကြဉ် စရာလို့ ခံယူစွန့်လွှတ်မယ်။

အဒေါသ ရေသောက်မြစ် သန်သူကတော့ ဒီလို မူးယစ်နေခြင်းဟာ သူ့ရဲ့ ကိလေသ၀ဋ်နဲ့ တူမျှ တဲ့ ၀ိပါက၀ဋ်ကို ခံစား နေရတာဖြစ်လို့ ဒုက္ခကို ခံစားနေရတဲ့ ဒုက္ခိတ သတ္တ၀ါတစ်ဦးအဖြစ် ရှုမြင်ပြီး သည်းခံခါင့်လွှတ်မယ်။ သနားစိတ်ဖြစ်ပေါ်မယ်။ (ဒုက္ခိတ သတ္တ၀ါဆိုတာက ကရုဏာတရားရဲ့ အာရုံ ဖြစ်ပါတယ်)

အမောဟ ရေသောက်မြစ် သန်သူကတော့ မူးယစ်ခြင်းကြောင့် ကုသိုလ်တရားများ မေ့လျှော့တယ်၊ အရှက် အကြောက်ကင်းပြီး မပြုသင့်တာကို ပြုသွားတဲ့အတွက် ဒုစရိုက်တရားကို ကျိုးလွန်တတ်တယ်။ ဒီအတွက် ပစ္စုပ္ပန်မှာ ကဲ့ရဲ့ဖွယ်ဖြစ်သလို အနာဂတ်မှာလဲ ဆိုးကျိုး ဒုက္ခအမျိုးမျိုးကို ခံစားရမယ့် အမှုမျိုးဖြစ်တယ်လို့ ကြောင်းကျိုး အဆင့်ဆင့်အထိ ဆင်ခြင်သိမြင်ပြီး သောက်စား မူးယစ်ခြင်းကို ရှောင်ကြဉ်မယ်။

ရှုမြင်သုံးသပ်ပုံ ကွဲပြားပေမယ့် ဒီသုံးမျိုး(သုံးဦး)လုံးဟာ “ယောနိသော မနသိကာရ= အကျိုးအကြောင်း သင့်တင့် မှန်ကန်အောင် နှလုံး သွင်းနိုင်မှု(စိတ်ကောင်းထားတတ်မှု) ချင်းအတူတူပဲ ဖြစ်ပါတယ်။

သဘာဝဖြစ်စဉ်ကို သုံးသပ်ဆင်ခြင် ကြည့်မယ်ဆိုယင် ခံစားမှု(ဝေဒနာ)ကိုသာ အဓိကထားပြီး ဆုံးဖြတ်ခြင်းကြောင့် အယောနိသော မနသိကာရဖြစ်တယ်။ ဆင်ခြင် သုံးသပ်မှု(သတိပညာ) ရှေ့သွား ပြုပြီး ဆုံးဖြတ်ခြင်းကြောင့် ယောနိသောမနသိကာရ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီရေသောက်မြစ် ခြောက်သွယ်ကတော့ အကုသိုလ် ရေသောက်မြစ်များဟာ အာရုံကိုစုပ်ယူရာမှာ ဘယ်တော့မှ ၀တယ် ပြည့်တယ်လို့မရှိဘူး။ ကုသိုလ် ရေသောက်မြစ်များက အာရုံကိုစုပ်ယူရာမှာ ပြည့်ဝစေတယ်ဆိုတဲ့ အဆုံး အကန့်အသတ်ရှိတယ်။

ဟုတ်ပါတယ်။ ဒေ၀ဒတ်ရဲ့ အလောင်းဟာ ရွဲကုန်သည်ဖြစ်ခဲ့စဉ်က ဘုရားအလောင်း ရွဲကုန်သည် တရားသဖြင့်ရတဲ့ ရွှေခွက်ကို မတရားရလိုတဲ့ လောဘနဲ့ မရတဲ့အတွက် ရန်ငြိုးဖွဲ့တဲ့ ဒေါသ ရေသောက်မြစ်များ သန်မာစေရမယ်ဆိုပြီး အစဉ်တစိုက် ကျင့်သုံးရခဲ့တာ အခုနောက်ဆုံး ဘုရားရှင်နဲ့တွေ့ရတဲ့ ဘ၀မှာလဲ မြတ်စွာဘုရားရှင်ရဲ့ အရိုက်အရာကို ရလိုတဲ့ လောဘနဲ့ ရန်ငြိုးဖွဲ့ပြီး ဘုရားရှင်ကို အသက်သေစေအောင်အထိ ကျောက်မောင်းဆင်ပြီး လှိမ့်ချတာတို့ လေးသမားများကို စေလွှတ်ပြီး လုပ်ကြံခိုင်းတာတို့ နာလာဂီရိဆင်နဲ့ တိုက်ခိုင်းတာတို့ လုပ်ခဲ့တယ်။ အ၀ီစိ ကျခါနီးမှာတော့ ဒီရန်ငြိုးနဲ့ ဒီလောဘ ဒေါသရေ သောက်မြစ်တွေရဲ့ ဆိုးကျိုးကို အလှအပကြီး ခံစားရလို့ နောင်တရပြီး ၀န်ချတောင်းပန်သွားတဲ့အတွက် ရန်ငြိုးဆိုတဲ့ ဒေါသရေသောက်မြစ်ကြီး တော့ဖြင့် ဆက်လက်သန်စွမ်း စရာမရှိတော့ဘူးလို့ ထင်ရပါတယ်။

အလားတူပါပဲ။ စိဉ္စမာနအလောင်းဟာလည်း ပရဗိုဇ်မဘ၀က သူ့အပေါ်ဘုရားအလောင်းက အရှက်ခွဲခဲ့တာကိုအကြောင်းပြုပြီး ဘ၀တိုင်း အရှက်ခွဲ မယ်ဆိုတဲ့ ရန်ငြိုးအာဃာတ(ဒေါသအပြင်းစား) ရေသောက်မြစ်ကြီး တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့တာ ဘုရားဖြစ်တဲ့ ဘ၀ရောက်တော့လည်း မဖွယ်မရာစွပ်စွဲ အရှက်ခွဲတုံးပါပဲ၊ သူ့အပြစ်နဲ့သူ အ၀ီစိ ရောက်သွားတဲ့အထိလည်း ဒီရန်ငြိုး ဒေါသ ရေသောက်မြစ်ဟာ ပြည့်ဝပြီး ကျေနပ်ပြီလို့ မရှိသေးပါဘူး။ အခုချိန်မှာတောင် အ၀ီစိထဲမှာ အသက်ရှုခွင့် လေးများ ခဏရခဲ့ရင် မြတ်စွာဘုရားကို ကျိန်ဆဲကောင်း ကျိန်ဆဲနေဦးမလားလို့ ထင်ရတယ်။

မောဟ ရေသောက်မြစ်ဆိုတာကတော့ လောဘ ဒေါသ ရေသောက်မြစ်များနဲ့ အမြဲပူးပေါင်းပြီး အာရုံကိုစုပ်ယူဖက်ပါ။ တကယ်လို့ မောဟရေသောက် မြစ်ချည်း တသီးတခြားကြီးထွား သန်မာနေသူ ဆိုရင်တော့ ဘာပြောစရာရှိမလဲ “ကာလနဂါးကြီး မေ့ဆေး ထိုးထားသလို” လို့ ပဲ ပြောရ တော့မှာပါ။

အလောဘ အဒေါသ အမောဟ ရေသောက်မြစ်များကတော့ ဒီလိုမဟုတ်ပါဘူး၊ အာရုံငါးပါး ကာမဂုဏ် တရားတို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်တဲ့အခါ အလောဘ ရေသောက်မြစ် ပြည့်ဝသွားတယ်။ သတ္တ၀ါအားလုံးအပေါ်မှာ အကြွင်းမဲ့ မေတ္တာထားနိုင်တဲ့အခါ အဒေါသ ရေသောက်မြစ် ပြည့်ဝပါတယ်။

အရဟတ္တမဂ်ဉာဏ်နဲ့ ကိလေသာ ၀ဋ်မြစ်အားလုံး ပယ်ရှင်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အချိန်မှာ အမောဟဆိုတဲ့ ပညာရေသောက်မြစ်လည်း အထွဋ်အထိပ်ရောက် ပြည့်ဝသွားပါတယ်။

မလိုလားအပ်တဲ့ ရေသောက်မြစ်များ အားနည်းပြီး လိုလားအပ်တဲ့ ရေသောက်မြစ်များ ကြီးထွားရေးအတွက် အဓိက အရေးကြီးတာကတော့ “ယောနိသော မနသိကာရ”လို့ခေါ်တဲ့ စိတ်ကောင်း ထားတတ်မှုပါ။ ဒါကြောင့်လဲ မထေရ်မြတ်များက–

“စိတ်ကောင်းထားတတ်ဖို့က အဓိက”လို့ ဆိုဆုံးမတော် မူခဲ့တာ ဖြစ်ပါလိမ့်မယ်။ စိတ်ကောင်း ထားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

(မေတ္တာရနံ့မှ)

Keine Kommentare:

Kommentar veröffentlichen