Donnerstag, 1. November 2012

'မိတ်ကောင်း'ရှိက၊ ချမ်းသာရ။


မြတ်စွာဘုရားသည် သက္ကတိုင်း သက္ကရအမည်ရှိသော နိဂုံး၌၊ သီတင်းသုံး နေတော်မူစဉ် ရှင်အာနန္ဒာက ဤသို့လျှောက်သည်။
"မြတ်စွာဘုရား - မိတ်ကောင်းရှိသည့်အဖြစ်၊ အပေါင်းအသင်းကောင်း ရှိသည့်အဖြစ်၊ အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည်၊ မြတ်သောအကျင့်ကို ကျင့်ရာ၌ ထက်ဝက်အကျိုးပြီးပါသည်ဘုရား"


ယင်းသို့လျှောက်သောအခါ မြတ်စွာဘုရားက -
"အာနန္ဒာ - သည်လိုမပြောနှင့်, အာနန္ဒာ - သည်လိုမပြောနှင့်။
အာနန္ဒာ - မိတ်ဆွေကောင်းရှိသည့်အဖြစ်၊ အပေါင်းအသင်းကောင်း ရှိသည့်အဖြစ၊် အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည်၊ မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံ အကျိုးပြီး၏"

"အာနန္ဒာ - ဤစကားကို၊ ယခုပြောမည့် အကြောင်းပရိယာယ်ဖြင့် သိအပ်၏၊ အာနန္ဒာ - ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကို အကြောင်းပြု၍-

- ပဋိသန္ဓေနေခြင်း သဘောရှိသော သတ္တ၀ါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏။

- အိုခြင်း သဘောရှိသော သတ္တ၀ါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏။

- သေခြင်း သဘောရှိသော သတ္တ၀ါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏။

- စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာ ပင်ပန်းခြင်း, သဘောရှိကုန်သော သတ္တ၀ါတို့သည် စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာ ပင်ပန်းခြင်းမှ လွတ်မြောက်ကုန်၏"

"အာနန္ဒာ - ယခုပြောသည့် အကြောင်းပရိယာယ်အားဖြင့်၊ မိတ်ကောင်းရှိသည့်အဖြစ်၊ အပေါင်းအသင်းကောင်း ရှိသည့်အဖြစ်၊ အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည်၊ မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံအကျိုးပြီး၏" ဟူ၍ မိန့်တော်မူသတည်း။

( သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁-မဂ္ဂသံယုတ်၊ ၁-အ၀ိဇ္ဇာဝဂ်၊ ၂-ဥပဍ္ဎသုတ် )

Keine Kommentare:

Kommentar veröffentlichen