Donnerstag, 20. Dezember 2012

ဝေးသော်လည်း နီးပါသည်။

အနာထပိဏ်သူဋ္ဌေး၏သမီး စူဠသုဘဒ္ဒါသည် ဥဂ္ဂမြို့မှ သူဋ္ဌေးသားနှင့် လက်ထပ်ထိမ်းမြား၏၊ ထို့နောက် လင်ယောက်ျားအိမ်သို့ လိုက်နေရ၏၊ ယောက်ျားသည် တိတ္ထိများကို ကိုးကွယ်သူဖြစ်သည်။ သူ၏အိမ်၌ မင်္ဂလာပွဲ ကျင်းပသောအခါ အ၀တ်မ၀တ်သော တိတ္ထိဆရာကြီးများကို ဖိတ်ခေါ်ကျွေးမွေး၏၊ ယောက္ခမများက စူဠသုဘဒ္ဒါအား ရှိခိုးရန်ခေါ်၏၊ စူဠသုဘဒ္ဒါသည် တိတ္ထိများကို ကြည့်ရန်ရှက်သဖြင့် အနားမလာပေ။

ထို့နောက် ယောက္ခမများအား မြတ်ဗုဒ္ဓဂုဏ်တော်များကို ပြောပြရာ၊
အိမ်သို့ ပင့်ဖိတ်ခွင့်ပြုသဖြင့်၊ စူဠသုဘဒ္ဒါသည်၊ ဇေတ၀န်ကျောင်းတော် ရှိရာဘက်သို့ မျက်နှာမူ၍ . .
"အရှင်ဘုရား၊ မနက်ဖန် သံဃာတော်များနှင့်တကွ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ၊ ဤပန်းဖြင့် ပူဇော်ပင့်ဖိတ်ပါသည်" ဟု အဓိဋ္ဌာန်ပြု၍ မြတ်လေးပန်းရှစ်ဆုပ်ကို ကောင်းကင်သို့ လွှင့်တင်လိုက်၏။

ပန်းများသည် ဘုရားရှင်အထံ ရောက်သွားပြီး၊ တရားပလ္လင်အထက်ဝယ် ပန်းမျက်နှာကြက်ဖြစ်၍ တည်၏၊ ထိုအချိန်တွင် အနာထပိဏ်သူဋ္ဌေးက နက်ဖြန် သူ၏အိမ်သို့ ဆွမ်းစားကြွပါ-ဟု လာပင့်ရာ၊ ဘုရားရှင်က၊ ဥဂ္ဂမြို့မှ စူဠသုဘဒ္ဒါ၏ ဖိတ်ကြားချက်ကို လက်ခံပြီးကြောင်း မိန့်ကြား၏၊

အနာထပိဏ်သူဋ္ဌေးက၊ "အရှင်ဘုရား - စူဠသုဘဒ္ဒါသည် ဤအရပ်မှ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးသောအရပ်၌ နေသည်မဟုတ်ပါလော" ဟု လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က၊
"ဒါယကာကြီး - သူတော်ကောင်းတို့သည် ဝေးသောအရပ်၌ နေသော်လည်း မျက်မှောက်အနီး၌ တည်သကဲ့သို့ ထင်ရှားရှိကုန်၏" ဟု မိန့်တော်မူပြီး အောက်ပါဒေသနာတော်ကို ဟောကြားတော်မူသည်။

နောက်နေ့တွင် နတ်သိကြားတို့၏ အကူအညီဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များ ကြွရောက်၍ တရားဟောတော်မူရာ၊ ဥဂ္ဂသူဋ္ဌေး ဇနီးမောင်နှံနှင့်တကွ ပရိသတ်အပေါင်းသည် သောတာပန်စသည် ဖြစ်ကြလေသတည်း။

"ဟိမ၀န္တာတောင်သည် အဝေး၌တည်နေသော်လည်း ထင်ရှားသကဲ့သို့၊ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း၊ ထင်ရှားကုန်၏။ ညအခါ ပစ်လွှတ်လိုက်သော မြားတို့သည် မထင်ရှားကုန်သကဲ့သို့၊ သူယုတ်မာတို့သည် အနီး၌ တည်နေကြသော်လည်း၊ မထင်ရှားကြကုန်"

( ဓမ္မပဒ - ပကိဏ္ဏက၀ဂ် )
ဝေးသော်လည်း နီးပါသည်။
•••••••••••••••••••••••

Keine Kommentare:

Kommentar veröffentlichen