Dienstag, 15. Januar 2013

ရာဂ, ဒေါသ, မောဟ နှင့် တဏှာ

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် တရားနာရင်း တစ်ယောက်တစ်မျိုးစီပြုလုပ်နေကြသော ဒါယကာငါးယောက်တို့ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။

ဇေတ၀န်ကျောင်းတော်သို့လာ၍ ဘုရားရှင်ထံမှ တရားနာနေကြသော ဒါယကာငါးယောက်တို့တွင် -
• တစ်ယောက်သည် ထိုင်လျက်အိပ်ပျော်နေ၏။
• တစ်ယောက်သည် လက်ချောင်းဖြင့် မြေကြီးကို ရေးခြစ်နေ၏။
• တစ်ယောက်သည် သစ်ပင်ကို လှုပ်နေ၏။
• တစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်နေ၏။
• ကျန်တစ်ယောက်သည်သာ ရိုသေစွာ တရားနာနေ၏။

ဤတွင် ဘုရားရှင်သည် ယပ်လေခတ်၍နေသော အရှင်အာနန္ဒာအား

• "အာနန္ဒာ - ထိုသူတို့တွင် ထိုင်လျက်အိပ်ပျော်နေသောသူကား
ဘ၀ငါးရာတို့ပတ်လုံး မြွေမျိုး၌ဖြစ်၍ မိမိအခွေများပေါ်တွင် ခေါင်းတင်၍
အိပ်ခဲ့၏။"

• "မြေကြီးကို ရေးခြစ်နေသူကား ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌ ဖြစ်ခဲ့၏"

• "သစ်ပင်ကို လှုပ်ကိုင်နေသူကား ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ခဲ့၏"

• "ကောင်းကင်ကို မော့ကြည့်နေသူကား ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံဆောင်သော ပုဏ္ဏား ဖြစ်ခဲ့၏" ဟု မိန့်ကြားတော်မူလေသည်။

ထို့နောက် အရှင်အာနန္ဒာက . .
"အရှင်ဘုရား - အဘယ်တရားကို အမှီပြု၍ သတ္တ၀ါတို့သည် တရားကို ကောင်းစွာမနာကြားနိုင်ကြပါသနည်း"ဟု မေးလျှောက်ရာ -

ဘုရားရှင်က . .
"အာနန္ဒာ - ရာဂ, ဒေါသ, မောဟ နှင့် တဏှာတို့ကို အမှီပြု၍ တရားတော်ကို ကောင်းစွာနာကြားရန် မတတ်နိုင်ကြပေ"ဟု မိန့်တော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

• ရာဂနှင့်တူသော မီးသည် မရှိ။
• ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။
• မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။
• တဏှာနှင့်တူသော မြစ်သည် မရှိ။

( ဓမ္မပဒ။ မလ၀ဂ် )

Sonntag, 13. Januar 2013

အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။

ကဿပနွယ်ဖွား မြတ်စွာဘုရား.....
တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။

ကဿပနွယ်ဖွား မြတ်စွာဘုရား
ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်းစား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည်မည်၏။ 

ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား  ....
အညှီအဟောက်သည် ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊ သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏။  ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏။ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။

..............................
 တိဿရသေ့ ...
        သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဉ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဉ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

       ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏။ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကိုမှီကုန်၏။ နတ္ထိကဝါဒ အယူရှိကုန်၏။ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏။ သိစေနိုင်ခဲကုန်၏။ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင့်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

      အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏။ ကြမ်းတမ်းကုန်၏။ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏။ သနားခြင်း ကင်းကုန်၏။ အလွန်မာန်လမူကုန်၏။ မပေးတတ်သော အလေ့ရှိကုန်၏။ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ 

       အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်းငြူစူခြင်း ဝါကြွားပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

         ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏။ ကြွေးမြီကို ယူ၍မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင်ကုန်းချောတတ်ကုန်၏။ ဤလောက၌ တံစိုးစားကာကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏။ အမိအဖစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏။ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 

       ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏။ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏။ ကြမ်းသော စကားရှိကုန်၏။ ရိုသေခြင်း ကင်းကုန်၏။ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

        အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏။ မုန်းတီးဆန့်ကျင်ကုန်၏။ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏။ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏။ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏။ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။

       ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ 

           (အကြင်သူသည် ) ထိုဣနြေ္ဒခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣနြေ္ဒတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏။ သစ္စာလေးပါးတရား၌ တည်၏။ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏။ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏။ ဆင်းရဲအားလုံးကို ပယ်၏။ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ 

       ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏။ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကိုသိ၏။ ကိလေသာအညှီအဟောက် ကင်းတော်မူသော တဏှာဒိဋ္ဌိကိုမှီတော်မမူသော သူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပမြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။

        ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏
 ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။

                                  ( အာမဂန္ဓသုတ် )
                           .........................
https://www.facebook.com/notes/min-aung-naing/အညှီ-အဟောက်ဆိုတာ-ဘာကိုခေါ်သလဲ-အာမဂန္ဓသုတ်/504463022914798 မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Samstag, 12. Januar 2013

မမြဲ ဆင်းရဲ ရုပ်နာမ်ပဲ၊ ဉာဏ်ထင်ရှင်းတော့သည်။

ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ၀င်ရောက်သည်။
မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ် ထင်တတ်သည်။
. . ဆိုတာ အဲ့ဒါပဲ။ အစွဲဒိဋ္ဌိပဲ။

ဖြစ်ခိုက် မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်။
မမြဲ ဆင်းရဲ ရုပ်နာမ်ပဲ၊ ဉာဏ်ထင်ရှင်းတော့သည်။
. . ဒါဟာ အစွဲကင်းတဲ့ အသိပဲ။

စွဲမှု ကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်။
. . သိစရာလည်း အမြဲဖြစ်ပျက်။ သိပြီးတာနဲ့ မရှိတော့ဘူး။
သိတာလည်း အမြဲဖြစ်ပျက်။
သိစရာရော သိတာရော၊ ပေါ်တာလေးရော သိတာလေးရော
တစ်တွဲတစ်တွဲ ဖြစ်ပျက်နေတယ်။

ဖြစ်ပြီးပျက်နေတဲ့ ဖြစ်လိုက် ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့အတွက် မကောင်းတာတွေပဲ အသုံးမကျတာတွေပဲလို့ သိလာတယ်။

ဤ ကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝ နာမ်ရုပ်၊ ဖြစ်၍ ချုပ်၏။
နာမ်ရုပ် နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကား ငါတည်း…..။

ဘယ်မှာလဲ ငါ။ သိစရာက ရုပ်တရား၊ သိမှုကလည်း နာမ်တရား၊
အဲ့ဒီ ရုပ်တရားလေးကို အမှီပြုပြီး ဖြစ်လာတဲ့ သိမှုပဲ။
ငါဆိုတာမရှိ၊ ငါကသိတာမဟုတ်။
အဲ့လိုဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိရင် စွဲမှုတွေ ကင်းပျောက်သွားမယ်။

( ရွှေဥမင်ဆရာတော်ဘုရားကြီး )

Dienstag, 8. Januar 2013

ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

ဝိပဿနာ ရှုနေသော အို သူတော်ကောင်း။
သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တစ်ရံတစ်ခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

“ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)

(ဘာသာပြန်)

ရဟန်း။ သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တစ်ရံတစ်ခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

( မဟာစည်ဆရာတော်ဘုရားကြီး )

Montag, 7. Januar 2013

၇။ ဥာဏဒဿန ၀ိသုဒ္ဓိ = နိဗ္ဗာန် ကိုသိမြင်နိုင်သော ဥာဏ်၏ စင်ကြယ်မှု။

ဥာဏဒဿန ၀ိသုဒ္ဓိ ဆိုရာ၌ သစ္စာလေးပါးကို သိတတ်သောကြောင့် ဥာဏ မည်၏။
 
မျက်စိဖြင့်မြင်ရသကဲ့သို တိုက်ရိုက်မြင်ရသောကြောင့် ဒဿန မည်၏။ (အိပ်ပျော်သလို၊
မေ့ကနဲ၊ ဘာမှမသိတော့တာမဟုတ်၊ ထင်ထင်ရှားရှား သိစိတ်ဖြင့် သိရှိခံစားရသည်)
ကိလေသာ ညစ်အကြေးတို့မှ စင်ကြယ်သော ကြောင့် ၀ိသုဒ္ဓိ မည်၏။ 

သီလ ၀ိသုဒ္ဓိ စသောရှေး ၀ိသုဒ္ဓိ (၆)ပါး ဉ်ဖြင့် ဆင့်ဆင့်တက်၍ ရသောမဂ်ကို ဥာဏဒဿန ၀ိသုဒ္ဓိ
ဟုခေါ်ဆိုပေသည်။ ဤဆင့်သို့ရောက်သောသူသည် ပုထုစဉ်ဘ၀မှလွတ်မြောက်၍ရိယာ ဘ၀ သို့ဆိုက်ရောက်ခြင်းဖြစ်ပေသည်။

ဒီ ၀ိသုဒ္ဓိ(၇)ပါး ကို ၀ိပသနာ ရှုမှတ်ပွါးများသော ယောဂီပုဂ္ဂိုလ် တိုင်း တွေ့ကြုံရပေမည်။ (၇)ပါး
လုံး ပြီးပြည့်စုံရန်ကား “၀ိရိယ၊ သဒ္ဒါ၊ ပညာ နှင့် ပါရမီ” ပေါ်မူတည်၍ တဦးနှင့်တဦး
ချိန်ကာလ တော့ကွာခြားပေမည်။ မလျှော့သော ဇွဲ ဖြင့်ကြိုးစားဖို့သာလိုပါသည်။

၆။ ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ = မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်း၌ဥာဏ်အမြင် စင်ကြယ်မှု။

ပဋိပဒါဟူသည် မဂ်သို့ရကြောင်း ကျင့်ဖြစ်ပေသည်။ 

ဥာဏ ဟူသည် တေဘူမကသင်္ခါရ တို့ကို နိစ္စ၊ ဒုက္ခ၊ နတ္တ ဟုသိတတ်သောဥာဏ်ဖြစ်သည်။ 
သိမြင်တတ်သောကြောင့်ဒဿန မည်၏။ ကိလေသာတို့မှဝေးကွာ၍ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိ မည်၏။ 

ထို့ကြောင့် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ ဟူသည် မဂ်မဟုတ် ဟုဆုံးဖြတ်ပြီးနောက် ဒယဗ္ဗယဥာဏ် ဆုံး
ပိုင်းမှစပြု၍ အနုလောမဥာဏ် သို့တိုင်အောင် သုံးသပ်စင်ကြယ်သော ဥာဏ်စင်ကြယ်မှုမျိုး
ကို ဆိုပေသည်။

၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ။ (မဂ်ဟုတ်သည်, မဟုတ်သည်၌ ဉာဏ်အမြင် စင်ကြယ်မှု)။

မဂ်ဟုတ်သည်, မဟုတ်သည်ကို ပိုင်းခြားသိမြင်သောဉာဏ်သည်
မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

ဤအဆင့်တွင် ယောဂီပုဂ္ဂိုလ်သည်၊ ရုပ်၊နာမ် တို့၏ ဖြစ်ပျက်မှုသဘောကို ရှင်းလင်းစွာမြင်သောကြောင့် စိတ်အလွန်ကြည်လင်ပေသည်။
ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်၍လာပေသည်။

ထိုအခါ “ငါသည် ရှေးက ကိုယ်ရောင်ကိုယ်ဝါ မဖြစ်ဖူးချေ။ ကိုယ်ရောင်ကိုယ်ဝါ ထွက်ဖြာစေနိုင်သောစိတ်သည် မဂ်စိတ်၊ ဖိုလ်စိတ်ပင် ဖြစ်ရာ၏။ ငါမဂ် ရပြီ၊ ဖိုလ် ရပြီ” ထင်၍၊ အားထုတ်ဆဲ ကမ္မဋ္ဌာန်း ကိုစွန့်၍
ကိုယ်ရောင်ကိုယ်ဝါ ပေါ်၌ နှစ်သက်ကာ လမ်းမှားသို့ ရောက်တတ်ပေသည်။

ယင်းကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သော်၊ ယောဂီပုဂ္ဂိုလ်သည် ၀ိပသနာတရားကို မပြတ် ရှုမှတ် အားထုတ်မှသာလျှင် မဂ်, ဖိုလ် ရကြောင်း လမ်းမှန် (မဂ္ဂ)ဖြစ်ပေသည်။

အရောင်အ၀ါ ၌ နှစ်သက်လျှင် လမ်းမှား (အမဂ္ဂ) ဖြစ်ပေသည်။
ဤသို့ လမ်းမှန်၊ လမ်းမှားကိုသိမြင်သော ဉာဏ်သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မည်၏။

(မှတ်ချက်။ ဤအဆင့်သည်အလွန်အရေးကြီး၏။ မိမိ ခန္ဓာကိုယ်ထဲမှ အလင်းဓာတ်ကြီး ထွက်လာသောအခါ အလွန်ဆန်းကြယ်စွာ၊ ခံစားရသည်။ သို့သော် ခန္ဓာ နိရောဓော (တနည်း) ဖြစ်၊ပျက် ဆုံးသည်ကို မတွေ့သေးလျှင် ဆက်၍ ရှုမှတ်အားထုတ်ရပေမည်။)

( သင်္ဂဟ၊ ၁၅၆ )

၎။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ (ယုံမှားခြင်းမှ စင်ကြယ်မှု)။

ဤ၌၊ ကင်္ခါသဒ္ဒါ သည် "ယုံမှားခြင်း" ဟူသောအနက်ကို ပြောပေသည်။
ယုံမှားခြင်းဟူသည် . .
“ငါသည် ရှေးကဖြစ်ဖူးခဲ့သလော” စသည်ဖြင့်၊ ကာလအပိုင်းအခြားတို့ကို ယုံမှားလေ၏။
“အလုံးစုံကို သိမြင်နိုင်သော ဘုရားရှင်ဟူသည် ရှိမှရှိနိုင်ပါမည်လော” ဟု ဘုရားရှင်အပေါ်၌ ယုံမှားလေ၏။

ဤကဲ့သို့ ယုံမှားမှုအမျိုးမျိုးတို့မှ လွန်မြောက်ကြောင်းဉာဏ်သည် ကင်္ခါဝိတရဏ မည်၏။
ထိုဉာဏ်သည်ပင်၊ အဟေတုကဒိဋ္ဌိ၊ ၀ိသမဟေတုကဒိဋ္ဌိ တည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် ၀ိသုဒ္ဓိမည်၏။

ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ဖြစ်ရန်အတွက်၊ ဒိဋ္ဌိ ၀ိသုဒ္ဓိ ဖြင့်သိမြင်ပြီးဖြစ်သော
ရုပ်၊ နာမ်တရားတို့၏ အကြောင်းရင်းဖြစ်သော
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကိုလည်း၊ ပိုင်းခြား၍ သိမြင်ရပေမည်။

( သင်္ဂဟ၊ ၁၅၆ )

၃။ ဒိဋ္ဌိ ၀ိသုဒ္ဓိ (အယူ၏ စင်ကြယ်မှု)။

ဒိဋ္ဌိ ၀ိသုဒ္ဓိဟူသည်၊ ရုပ်၊ နာမ် ဓမ္မ သင်္ခါရတို့ကို၊ "အတ္တ" ဟုစွဲလမ်းသော မိစ္ဆာအယူမှ စင်ကြယ်၍၊ သန့်ရှင်းသော အသိဉာဏ် ကိုဆိုပေသည်။

စိတ်၊ စေတသိက် ဟူသော နာမ်တရားနှင့်၊ နီပ္ဖန္နရုပ်တို့ကို
လက္ခဏ၊ ရသ၊ ပစ္စုပဌာန်၊ ပဒဌာန် တင်၍ဆင်ခြင်သောအခါ . .

• သိမှုသည် . . စိတ်၊
• ခံစားမှုသည် . . ဝေဒနာ၊
• မှတ်သားမှုကား . . သညာ၊
• ပြုလုပ်အားထုတ်မှုကား . . သင်္ခါရ၊
• ဖောက်ပြန်တတ်မှုသည်ကား . . ရုပ်တရား၊
ဤခန္ဓာငါးပါးမှတပါး အတ္တဟူသော တရားမျိုးမရှိဟု သိမြင်နိုင်၏။

ဤကဲ့သို့ သိမြင်နိုင်သောဉာဏ်သည်ပင် . .
အတ္တဟူသော စွဲလမ်းမှု အညစ်အကြေးမှ စင်ကြယ်သောကြောင့်
ဒိဋ္ဌိ ၀ိသုဒ္ဓိ မည်ပေသည်။

( သင်္ဂဟ၊ ၁၅၆ )

၂။ စိတ္တ ၀ိသုဒ္ဓိ (စိတ် စင်ကြယ်မှု)။

ကာမစ္ဆန္ဒ နီဝရဏ၊ စသော ကိလေသာအညစ်အကြေးတို့မှ စိတ်ကိုသန့်ရှင်းစေခြင်းသည် စိတ္တ ၀ိသုဒ္ဓိ မည်၏။

ကမ္မဠာန်း(၄၀)တို့ကို အားထုတ်သောအခါ၊ ဥပစာရသမာဓိ နှင့်
အပ္ပနာသမာဓိ ဟူသော ဘာဝနာသို့၊ သက်ဝင်သော စိတ်အစဉ်သည်၊ သန့်ရှင်းစင်ကြယ်၏။

ထိုစိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းကို စိတ္တ ၀ိသုဒ္ဓိဟုခေါ်ဆိုပေသည်။

( သင်္ဂဟ၊ ၁၅၆ )

၁။ သီလ ၀ိသုဒ္ဓိ (သီလစင်ကြယ်မှု)

တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်သည်၊ သီလစင်ကြယ်ရန် အထူးလိုအပ် ပေသည်။ သီလစင်ကြယ်ရန်ဟု ဆိုရာ၌၊ လူဖြစ်သော် လူသီလ၊ ရဟန်းဖြစ်သော် ရဟန်းသီလတို့၏ စင်ကြယ်ခြင်းကို ဆိုခြင်းဖြစ်သည်။

ရဟန်းတော်တို့တွင် စတုပါရိသုဒ္ဓိသီလ စင်ကြယ်သော်၊ သီလ၀ိသုဒ္ဓိ ဖြစ်၏။ လူတို့တွင် ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလတို့ကို လုံခြုံအောင် စောင့်ထိန်းလျှင် သီလ၀ိသုဒ္ဓိ ဖြစ်၏။

( သင်္ဂဟ၊ ၁၅၆ )

ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်

ပျိုရွယ်စဉ်က၊ လိုရာပါလျက်၊
ငါတကြွကြွ၊ အိုကာလ၌၊
ထိုင်လည်း မကောင်း၊ လျောင်းလည်း မသာ၊
လိုမပါဘူး။
ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင်၊ အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း။

( မန်လည်ဆရာတော်ဘုရားကြီး )
ပျိုရွယ်စဉ်က၊ လိုရာပါလျက်၊
ငါတကြွကြွ၊ အိုကာလ၌၊
ထိုင်လည်း မကောင်း၊ လျောင်းလည်း မသာ၊
လိုမပါဘူး။
ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင်၊ အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း။

( မန်လည်ဆရာတော်ဘုရားကြီး )

အကျင့်လမ်းကိုဆင်ခြင်ပါ။

ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။

ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြည့်စုံနေပေ၏။

အို…သူတော်ကောင်း - ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

( မဟာစည်ဆရာတော်ဘုရားကြီး )
အကျင့်လမ်းကိုဆင်ခြင်ပါ။
••••••••••••••••••••••

“ ရုပ်စင်ကြယ်ရုံမျှဖြင့် စိတ်မစင်ကြယ် ”

“ ရူပေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာန၀ါ။
ရူပေသုဒ္ဓေ ၀ိသုဇ္စန္တိ၊ အနက္ခာတံ မဟေသိနာ။ ”

- ရုပ်ညစ်နွမ်းတဲ့အတွက်ကြောင့် သတ္တ၀ါတွေညစ်နွမ်းကြ
ရလေကုန်၏။
ဒီအဓိပ္ပာယ်လေးကို သေသေချာချာ နားလည်စေချင်
ပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကရော၊
ဘုရားရှင် မပွင့်ပေါ်မီ အခါကရော၊ အခုအခါမှာရော
လို့ကို ပြောလိုက်ဦးမယ်။ အရင်ရော၊ အခုရော၊ နောင်ရော
ပေါ့လေ။ အယူအဆအတွေးအခေါ် ရှိပါတယ်တဲ့။

- ရုပ်ကိုကောင်ကြီး ညစ်နွမ်းတဲ့အတွက်ကြောင့်
သတ္တ၀ါတွေညစ်နွမ်းကြရပါတယ်။ ရုပ်ကိုယ်တော်ကြီးသာ
စင်ကြယ်မယ်ဆိုရင် သတ္တ၀ါတွေလည်း ချမ်းသာမယ်၊
စင်ကြယ်မယ်ဆိုတဲ့ အယူအဆရှိပါတယ်တဲ့။

ဟုတ်တယ် ။ အဲ့ဒီလို အယူအဆ အတွေးအခေါ်ဟာ
ဟိုအရင်ဘုရားမပွင့်မီကတည်းက ရှိနေခဲ့ပါတယ်။ ပွင့်တော်
မူတဲ့အခါ မှာရော၊ အခုရောပေါ့လေ။ ဒီအယူအဆက ရှိနေ
တုန်းပါပဲ။

ရုပ်ညစ်နွမ်းလို့ သတ္တ၀ါတွေ ညစ်နွမ်းတယ်။ ရုပ်စင်ကြယ်ရင်
သတ္တ၀ါတွေ စင်ကြယ်တယ်ဆိုတဲ့ အယူဝါဒကို ဘုရားရှင်
မဟောပါဘူးတဲ့။

- အဲဒီလို အယူအဆဟာ မမှန်ပါဘူးလို့ပြောလိုတာပါပဲ။
ဟုတ်ပါတယ် တစ်ချို့က ခန္ဓာကိုယ်အကောင်လုံးကြီးနဲ့
ပတ်သက်ပြီးဖြစ်တတ်တဲ့ ပူမှုတွေကုန်အောင် အအေးခံပြီး
ဖျောက်ကြလို့ ၊ အပူစင်အောင်တဲ့ အဲဒီလိုပဲ အေးမှုတွေကို
ကုန်ခမ်းအောင် အပူခံပြီးဖျောက်ကြ၊ ပယ်ကြလို့ အအေး
စင်အောင်တဲ့။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကောင်ကြီးကိုသာ
ဂရုစိုက်တဲ့သဘောပေါ့။

- နောက်ပြီး ဒီရုပ်ကောင်ကြီးနဲ့စပ်ပြီး နာတာ မရှိအောင်၊
မနာပေါ်အောင်။ ကျင်တာမရှိအောင်၊ မကျင်တာပေါ်အောင်။
ပူတာ၊ မာတာ၊ တင်းတာတွေ မရှိအောင်၊ မဖြစ်အောင်၊ မပေါ်
အောင်၊ အေးတာပျော့တာတွေဖြစ်လာအောင် ၊ ရှိလာအောင်၊
ပေါ်လာအောင် ဆိုတာတွေကိုပဲ ကြိုးစားပြီးနေရမယ်ဆိုတဲ့
အယူအဆမျိုးတွေပါ။

- အမှန်က ဒီကိုယ်ကောင်ကြီး၊ ဒီရုပ်ကြီး ရှိနေသရွေ့ ကာလ
ပတ်လုံး နာတာလဲရှိမှာ၊ ဖြစ်မှာပဲ။ မနာတာလည်း ရှိမှာဖြစ်မှာ
ပါပဲ။ ပူတာ အေးတာ မာတာ ပျော့တာ တင်းတာ လျှော့တာ
ဆိုတာတွေကတော့ ဒီကိုယ်ကောင်ကြီးရှိနေသရွေ့ အကြောင်း
ဆုံတိုင်း အကျိုးတရားအနေနဲ့ ပေါ်လာကြတာပါပဲ။

- နာတာကို မနာအောင်၊ ပျောက်အောင် ၊ ဒီနာတာကြီးကို
ကျော်လွှားနိုင်အောင်။ “ ဒီနာတာကို ကုန်ခမ်းသွားအောင်
အလုပ်တစ်ခုအနေလုပ်ပြီး ကျင့်ကြံအားထုပ်မှ တရား” ဆိုတဲ့
အယူအဆမျိုးတွေကို ပြောတာပါ။

ဒီရုပ်ကိုကြီး ကောင်းမှ၊ စင်ကြယ်မှ သတ္တ၀ါတွေ ကောင်းမယ်၊
စင်ကြယ်မယ်ဆိုတဲ့ အယူအဆမျိုးတွေကို ဘုရားရှင်မဟောပါ
ဘူးတဲ့။ မှန်တယ်လို့မပြောပါဘူးတဲ့။ ကြာကြာထိုင်နိုင်ရုံ၊ ကြာကြာ
ရပ်နေရုံ၊ ကြာကြာလျှောင်းနိုင်ရုံ၊ ကြာကြာလမ်းလျှောက်နိုင်ရုံနဲ့
သတ္တ၀ါတွေရဲ့ သန္တာန်မှာ စင်ကြယ်ခြင်းဆိုတဲ့သဘော ပေါ်ပေါက်
လာတာနဲ့ ဘာမျှမဆိုင်ဘူးဆိုတဲ့ သဘောပါပဲ။

- အရှင်ဆေကိန္ဒ ( ဓမ္မဒူတဇေတ၀န်တောရ)
“ ရုပ်စင်ကြယ်ရုံမျှဖြင့် စိတ်မစင်ကြယ် ”
••••••••••••••••••••••••••••••••

Sonntag, 6. Januar 2013

ရိုသေစွာ ပေးလှူသည်ရှိသော်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

''သူကြွယ် သင်၏ အိမ်၌ အလှူကို ပေးလှူ၏လော''ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်း ပအုံးရည်လျှင် နှစ်ခွက်မြောက်သော ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာ ဖြစ်ပါသည်ဟု (လျှောက်၏)။

သူကြွယ် - ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း
• မရိုမသေ လှူပါမူ၊
• စိတ်မပါဘဲ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ လှူပါမူ၊
• ကံ ကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ..

ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နား မထောင်ကုန်၊ သိရန် စိတ်ကို မထားကုန်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။
သူကြွယ် - မရိုမသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

သူကြွယ် - ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း
• ရိုရိုသေသေ လှူပါမူ၊
• စိတ်ပါဝင်စားစွာ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊
• ကံကံ၏ အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ..

အလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) နာခံ လိုကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်။
သူကြွယ် - ရိုရိုသေသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သော ကြောင့်တည်း။

( အင်္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ဝေလာမသုတ် )
ရိုသေစွာ ပေးလှူသည်ရှိသော် ..
•••••••••••••••••••••••••••••

Dienstag, 1. Januar 2013

နှစ်သစ်မှာ ကုသိုလ်အသစ်တွေယူကြပါ

ဓမ္မဒူတမြန်မာဗုဒ္ဓဘာအသင်း ကြီးမှ အသင်းသူအသင်းသားများ နှစ်သစ်မင်္ဂလာ မှာ သီလခံယူခြင်း ၊ ဓမ္မစကြာ တရားဒေသနာ စုပေါင်းရွတ်ဖတ်ပူဇော် ခြင်း၊ မေတ္တာပို့သခြင်းဖြင့် ကုသိုလ်များရယူ ကြိုဆိုလိုက်ကြပါသည်။

နှစ်ပောာင်းတွင် ပြုခဲ့သမျှ ကုသိုလ်အပေါင်း အားလည်း ၃၁ ဘုံ ကျင်လည်ကြကုန်သော သတ္တ၀ါ အပေါင်းတို့အား မေတ္တာတရား ရှေးရှုထားလျက် အမျှကုသိုလ်ပေးဝေ ကုန်ကြပါသည်။

 ဓမ္မဒူတမြန်မာဗုဒ္ဓဘာ ကျောင်း၌ သီတင်းသုံးနေထိုင်ကြကုန်သော နာယကဆရာတော်များမှ ဆရာတော် ဦးသောပါကမှ တရားချီးမြှင့်ရာတွင် သတိတရားလက်ကိုင်ထား၍ တနှစ်တခါနှစ်သစ်တွင်မှမပာုတ်  နေ့စဉ်ဓူဝ နေ့သစ် တိုင်း မရဏ တရား ရှုမှတ်ပွားရန် ၊ကုသိုလ်တရားအားစိုက်ပွားရန် ဆုံးမသြ၀ါဒ ပေးတော်မူပါသည်။သတိသံဝေဂ ရကြောင်းပါဘုရား။

ထို့အတူ နာယကဆရာတော် ဦးကောဝိဒမှ မဂ္ဂင် ၈ ပါး သည်  နိဗ္ဗာန်ရောက်ကြောင်းကြင့်ကြံအားထုတ်အပ်သောတရားဖြစ် ၍ မမေ့မလျော့ ကုသိုလ်ပါရမီ ဖြည့်ကျင့် ကြိုးစား အားထုတ်ကြရန်အင်္ဂလိပ် ဘာသာစကားဖြင့် ပောာကြားချီးမြှင့်ခဲ့ပါသည်။ပညာတိုးပွားနာယူရပါသည်ဘုရား။

ထိုထိုပြုသမျှကုသလ အစုစုတို့ကို  ဓမ္မဒူတမြန်မာဗုဒ္ဓဘာအသင်း ကြီးမှ ၀မ်းမြောက်ဝမ်းသာ သာဓုနုမောဒနာ ခေါ်ယူလျက် ဝေနေယျ သတ္တ၀ါ အပေါင်းတို့အား ရငြားပါစေ အမျှဝေလိုက်ရပါသည်ခင်ဗျား........................

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ၊ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု