Sonntag, 6. Januar 2013

ရိုသေစွာ ပေးလှူသည်ရှိသော်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

''သူကြွယ် သင်၏ အိမ်၌ အလှူကို ပေးလှူ၏လော''ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်း ပအုံးရည်လျှင် နှစ်ခွက်မြောက်သော ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာ ဖြစ်ပါသည်ဟု (လျှောက်၏)။

သူကြွယ် - ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း
• မရိုမသေ လှူပါမူ၊
• စိတ်မပါဘဲ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ လှူပါမူ၊
• ကံ ကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ..

ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နား မထောင်ကုန်၊ သိရန် စိတ်ကို မထားကုန်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။
သူကြွယ် - မရိုမသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

• ရိုရိုသေသေ လှူပါမူ၊
• စိတ်ပါဝင်စားစွာ လှူပါမူ၊
• မိမိလက်ဖြင့် (ကိုယ်တိုင်) လှူပါမူ၊
• လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊
• ကံကံ၏ အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ..

အလှူ၏ အကျိုးဖြစ်လေရာတိုင်း၌
• မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊
• မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊
• ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) နာခံ လိုကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်။
သူကြွယ် - ရိုရိုသေသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သော ကြောင့်တည်း။

( အင်္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ဝေလာမသုတ် )
ရိုသေစွာ ပေးလှူသည်ရှိသော် ..
•••••••••••••••••••••••••••••

Keine Kommentare:

Kommentar veröffentlichen