Freitag, 21. September 2012

မြတ်ဗုဒ္ဓကိုယ်တော်တိုင်၊ ၀ိပဿနာ ဘာဝနာကို ချီးမွမ်းတော်မူခြင်း


မြတ်ဗုဒ္ဓကိုယ်တော်တိုင်၊ ၀ိပဿနာ ဘာဝနာကို ချီးမွမ်းတော်မူခြင်း။
••••••••••••••••••••••••••••••••••••••••••••••••••••••••
အခါတစ်ပါး၌၊ ရှင်သာရိပုတ္တရာ အရှင်မြတ်က၊ အရှင်အာနန္ဒာအား မေးတော်မူသည်မှာ၊ ဤအင်ကြင်းတောကြီးသည် အပွင့်တို့ဖြင့် တစ်တောလုံး ကြည့်ရှုတင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်လျက်ရှိ၏။ ထိုမျှလှပတင့်တယ်သော အင်ကြင်းတောကြီးကို၊ ပို၍ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် အဘယ်ကဲ့သို့ပြုရသော် ကောင်းမည် ထင်သနည်းဟု မေးတော်မူ၏။

ထိုအခါ အရှင်အာနန္ဒာက - "အစ - အလယ် - အဆုံး ကောင်းခြင်းတို့နှင့် ပြည့်စုံသော တရားတော်တို့ကို၊ ဟောပြောနာကြားပြီးကာ၊ ၀ိပဿနာ ဘာဝနာကို အားထုတ်ကြပါက၊ ဤအင်ကြင်းတောသည် ပို၍ ကျက်သရေ မင်္ဂလာပြည့်စုံမည်"ဟု လည်းကောင်း၊

အရှင်ရေ၀တကို မေးတော်မူသောအခါ "သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီးလျှင်၊ ၀ိပဿနာ ဘာဝနာကို အားထုတ်နေကြပါလျှင်" ဟုလည်းကောင်း၊

အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို မေးတော်မူသောအခါ "ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တ၀ါအနန္တ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရှု၍၊ သံဝေဂဖြစ်ကာ၊ ၀ိပဿနာ ဘာဝနာကို ပွားများရသော်" ဟုလည်းကောင်း၊

အရှင်မဟာကဿပကို မေးတော်မူသောအခါ "ဓူတင်ကိုဆောင်လျက်၊ ၀ိပဿနာ ဘာဝနာ၊ အားထုတ်ကြရပါလျှင်" ဟုလည်းကောင်း၊

ရှင်မောဂ္ဂလန် အလှည့်တွင် "အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း ဖြေဆိုကြပြီးကာ၊ ၀ိပဿာ ဘာဝနာကို ကြိုးစားအားထုတ်ကြပါမူကား" ဟုလည်းကောင်း၊

အရှင်သာရိပုတတရာ ကိုယ်တိုင်သည်ကား "စိတ်၏အလိုသို့ မလိုက်ပဲ၊ သီလ သမာဓိ၌ တည်ရှိနေလျက်၊ ၀ိပဿနာ ဘာဝနာကို အားထုတ်ရသော်၊ ဤအင်ကြင်းတောသည် သာ၍ပင် တင့်တယ်မွေ့လျော်ဖွယ်ရာဖြစ်မည်" ဟု ဖြေဆို၏။

ထို့နောက် ဘုရားရှင်ထံ သွားရောက် မေးလျှောက်သောအခါ -

"သင်ချစ်သားတို့၊ သင်တို့ထင်တိုင်းလည်း ကောင်းကြပေ၏။ ငါဘုရား၏အလိုကား၊ အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ၊ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေပြီးနောက် 'ငါသည် တရားကို အားထုတ်အံ့၊ အာသဝေါမကုန်လျှင် ဤနေရာမှ မထပြီ' ဟူ၍ ၀ိပဿနာကို အားထုတ်နေကြခြင်းသည်၊ ဤပင်လုံးကျွတ် ပွင့်လျက်ရှိသော အင်ကြင်းတောကြီးကို၊ ပို၍ မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေမည်" ဟု၊ မိန့်တော်မူသတည်း။

Keine Kommentare:

Kommentar veröffentlichen