Donnerstag, 13. September 2012

ဗာဟိရာနိစ္စသုတ်


"အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို ''ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသော သဘောတရားသည် ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော သဘောတရားကို ''ဤသဘော တရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ ကိုယ်'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။"

"ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ ''လွတ်မြောက်ပြီ'' ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏ဟု မိန့်တော်မူ၏။"

(၄ - ဗာဟိရာနိစ္စသုတ်၊ အနိစ္စဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။)

Keine Kommentare:

Kommentar veröffentlichen