ဘဝအတွက်ဘာသာ၊ ဘာသာအတွက်ဘဝ
ကံထွန်းသစ်
အောက်တိုဘာ ၂၉၊ ၂၀၁၂
ကိုယ် သည်ဆောင်းပါးကိုရေးနေချိန်မှာ “ဆရာတော် ဒီအရေးမှာ တပည့်တော်တို့
တခုခုလုပ်ရမယ်” ဟု မချိတင်ကဲဆိုလာသူက ဘတ်ဖဲ လိုးမြို့ရောက်နေသည့် ညီမောင်
“အရှင်မဏ္ဍလ” ပင်။ငယ်သူတို့ရင်ဝယ် မီဒီယာတွေကတဆင့် မီးတို့ကူးပေလိမ့်၊ အပူတို့ ဟပ်ပေလိမ့်။ ကိုယ်သည်ပင် နယူးယောက်ရှိ “သာသနာ့ဥသျောင်” က ဥက္ကဌထေရ်ကို သဘောထားထုတ်ပြန်ဖို့ ကြားစမှာပင် လျှောက်ကြားခဲ့ပြီလေ။
အမိမြေ၊ ရခိုင်ဒေသက ငြိမ်းလေပြီးစမီးသည်လည်း ငယ်သူတို့ရင်ဝယ် ပြန်လည်နိုးကောင်းနေပေလိမ့်။ ထိုအကြောင်းသည် နှလုံးသွင်းမြဲ မေတ္တာကမ္မဋ္ဌာန်းကို ခြောက်သွေ့ကောင်း ခြောက်သွေ့သွားစေပေလိမ့်။
ညီတော်၊ နောင်တော်တို့ သီတင်းသုံးရာ ကျောင်းဝိဟာတို့ မီးရှို့ခံရသတဲ့၊ ကိုးကွယ်ရာ အဖမြတ်စွာ၏ ကိုယ်စားတော်ရုပ်ထုရုပ်ပွားတို့သည်လည်း မီးသင့်ခံတော်မူကြရသတဲ့။ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့်ရှိ ကျောင်းဗိမာန်အမွေအနှစ် အဆောက်အဦတို့သည်လည်း ဆုံးရှုံးရပြီတဲ့။
သာသနာရိပ်၊ ဘာသာရိပ်၌ ငြိမ်ဆိတ်စွာမွေ့လျှော်တတ်သည့် မိသားစုတို့ခမျာလည်း အိုးမဲ့ အိမ်ကင်း ဖြစ်ကြရပြီ။ ဆာရီဝတ်နှင့် မျက်ရည်သုတ်ကာ သနစ်စုံကိုပြောပြနေသော အမျိုးသမီးကြီးတို့၏ သတင်း ဓာတ်ပုံတွေကလည်း မြင်သူတိုင်းစာနာစရာ။
“ဘန္တေ”
ကျွမ်းဝင်သော ပါဠိဝေါဟာရဖြင့်ခေါ်လိုက်သံကြောင့် ချာကနဲလှည့်ကြည့်မိတော့ အစိမ်းနုရောင် ဆာရီ ဝတ်သည့် အမျိုးသမီးကို လက်အုပ်ချီလျှက်သားတွေ့ရသည်။ သမီးပျိုနှစ်ယောက်နှင့် အမျိုးသား တဦးကိုပါ တွေ့ရ၍ မိသားစုဟုခန့်မှန်းမိသည်။ အားလုံးက ခင်မင်နှစ်လိုစွာ အပြုံးဖြင့်စကားဆိုကြသည်။ ကိုယ်လာရာနှင့် ကိုယ်နေရာပြည်နယ်ကိုမေးကာ သူတို့သည်လည်း ဘင်္ဂလားဒေ့ရှ်ကဖြစ်၍ ယခု သည် နယူးယောက်မြို့ ကြီးမှာ အခြေကျခဲ့ပြီတဲ့။ “ဘန္တေ”ချင်း ခွန်းဆင့်ကာစကားတွေဆိုရင်း လူတွေ ဥဒဟိုသွားလာနေသည့် ဘရော့ဒ်ဝေးလမ်းမကြီးတလျှောက် ထွက်ခွာသွားကြတော့သည်။
မဟတ္တန်ရပ်ကွက်ကြီးရှိ ခန့်ငြားသောရုံးကြီးတခုရှေ့မှ နားနေခုံတန်းလေးမှာထိုင်ရင်း ငေးကျန်ခဲ့သည်။ ဘာသာတရားဟာ မထင်မှတ် သည့်နေရာမှာ မမှတ်ထင်သည့်သူတွေနှင့် တသားတည်းဖြစ်သွားစေခဲ့ပါလား၊ ကိုယ့်အသွင်ကိုမြင်ရုံနှင့် သူတို့ရင်ဟာ ….. အတွေးမဆုံး။ ကော့စ်ဘဇားနှင့် ရာမူး ပန်းဝါဒေသဆီသို့ အာရုံရောက်သွားသည်။
အင်း … သူတို့မျိုးသူတို့ဆွေတွေလည်း မီးသင့်ဘေးဝေးတန်ကောင်းပါရဲ့။ ဝေးပါစေ … ဝေးကြပါစေ …။
မီးတောက်တို့ အကြွင်းမရှိငြိမ်းပါစေ၊ ထိုမီးတို့လာရာ အာဃာတအတွင်းမီးတို့သည်လည်း ငြိမ်းပါစေ၊ ငြှိမ်းနိုင်ကြပါစေ။
ဟူး … ဘာဖြစ်လို့များ သူရို့တတွေ ခုလိုလုပ်ရက်ကြပါလိမ့်၊ လုပ်ရဲကြပါလိမ့်၊ သူတပါးလည်းဒုက္ခရောက်၊ ကိုယ်လည်းဆင်းရဲမကင်း၊ ခုဆို ဥပဒေက သူတို့ကို အရေးယူပြီး လူပေါင်းရာချီဖမ်းထားပြီတဲ့။
အကြောင်းကိုရှာကြည့်တော့… “Facebook” ကစသည့်ပြဿနာ။ ပုံလေးတပုံကစတဲ့မီးပေါ့။ မရှေးမနှောင်းက “လစ်ဗျား” မှာတောက် သည့်မီးက ပိုကြီးခဲ့သည်။ မဖြစ်ကောင်းသည့် သံရုံးကိုပင်ပြာကျစေခဲ့၊ သံအမတ်နှင့် ဝန်ထမ်းတွေပင် ကျဆုံးကြရ၊ နောက်ပြီး… ကူးစက် လောင်တောက်သွားလိုက်တာ၊ အရှေ့အလည်ပိုင်းမှသည် ယုံကြည်သက်ဝင်သူတို့နယ်ပယ်ဧရိယာအနှံ့။
ထိုသည်လည်း Online ကစသည့်မီးပင်၊ Youtube မှာ တမန်တော်မိုဟာမက်ကို သရော်ထားသည့် ရုပ်ရှင်တကားကြောင့်တဲ့။ ထူးဆန်းတာက ရိုက်ကူးသူက အမေရိကန်မဟုတ်၊ အီဂျစ်နိုင်ငံဖွားတဲ့။ ဒီလူကရော ဘာဖြစ်လို့ ဒီလိုရုပ်ရှင်ကို ရိုက်ကူးရပါလိမ့်၊ သူ မယုံကြည်လို့လား၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာဘာသာက ပိုကောင်းသည်ဟု သက်သေထူချင်လို့လား။ ဒါဆို … သူ့သက်သေကခိုင်၊ မခိုင်မသိရ။ ဘေးထွက်ဆိုးကျိုးကမူ …။
သည်နိုင်ငံ၏ဇာတိသားနဲ့ ပညာတတ် ပဝတ္တိသားမှန်လျှင် ကိုယ့်ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို သူတပါးဘာသာကိုလည်း ထိပါးခွင့်မရှိတာ သိကြသည်။ ဒီလူက ဘာလို့များ … ။
နောက်ပြီး … တဘက်ကလည်း အင်တာနက်တို့၊ Facebook လို Social Network တို့ဆိုတာ ဘယ်သူမဆိုသုံးစွဲနိုင်တာကို သဘောပေါက်ပြီး ကြောင်းကျိုးကျ ချေပထုတ်လွှင့်နိုင်ပါလျှက်နှင့် ခုတော့ အမှန်ကအမှားဖြစ်၊ နောက်ဆုံးတော့ ဒီဘက်ရောက်အစွန်းနှင့် ဟိုဘက်ရောက်အစွန်းတို့ ထိခတ်ကြခြင်းသာ၊ အင်း … အစွန်းအစွန်းချင်းထိကြ၊ ခိုက်ကြသည်က မထောင်းသာပေမင့်၊ ကြားကမဆိုင်သူတွေမှာ မဆီလျှော်တာတွေ ဖြစ်ခဲ့ရ။ ဘာဘဲဖြစ်ဖြစ် လက်သည်းဆိတ်တော့ လက်ထိပ်က နာချင်ချင်။
တွေးကြည့်လျှင် ကိုယ်တို့ဘာသာဝင်တွေက အနာခံအလျှော့ပေးခဲ့ကြတာချည်းပါဘဲ။ ဘာမင်ဟန် တောင်တန်းက မတ်ရပ်ရုပ်ပွားတော်ကြီးတွေ၊ မိလိန္ဒနှင့် အရှင်နာဂသိန်တို့ ဆွေးနွေးကြတဲ့နေရာဟာ … ခု အာဖဂန်ခေါ်သည့်နေရာပေါ့၊ ရှေ့ကတိုင်းကြီး ဆယ့်ခြောက်တိုင်းမှာပါသည့် ဝင်္ဂတိုင်းဆိုတာ … နောက်ပြီး တက္ကသီလာ … ဗုဒိုဘောဓော … စသည့် … စသည့် …. ဖတ်မှတ်ခဲ့သည့်ဝါကျတွေ … စကားတွေသည် ပြတ်ထင် ပဲ့တင်လာကြပြန်သည်။
ကိုယ်တို့ဘာသာဝင်တွေက အဖမြတ်စွာ၏ အဆုံးအမကလွဲလျှင် ဘယ်အရာကိုမျှ မြဲတယ်မထင်တတ်သူတွေ၊ ဒါကြောင့် အရာရာကို ခွင့်လွှတ်သည်းခံတတ်ကြခြင်းဖြစ်မည်ထင့်၊ လက်တုံ့ပြန်မည်ဆို ပြန်ချင်စရာတွေ အများကြီး၊ လစ်ဗျား အရေးမတိုင်မှီမှာ သီရိလင်္ကာက ဖြစ်ရပ်ကိုကြည့်၊ ပြင်သစ်နိုင်ငံသားဓာတ်ပုံဆရာတွေ ရိုက်ကူးခဲ့ကြသည့်ပုံက ဗုဒ္ဓရုပ်ပွားတော်တွေ တဆူနှင့်တဆူ နမ်းရှုပ်နေဟန်တဲ့၊ ရာဂညစ်ကြေး ကိလေသာ ကင်းဝေးမှုကို ရွေးမျှမသိဆိုးဝါးနိုင်သူတွေ၏ စိတ်ကူးစိတ်ရူးက ငိုအားသန်ခက်၊ ရယ်အားသန်ခက်ရ။
ဒါတင်မက Youtube က မိုဟာမက်ရုပ်ရှင်လိုပင် ဗုဒ္ဓမြတ်စွာကိုသရော်ထားသောရုပ်ရှင်တကားထုတ်လွှင့်ကြ သေးသည်။ TV Channel တခုက ပုံမှန်ထုတ်လွှင့်နေသတဲ့။ အကဲဆတ်သည့်ဘာသာဝင်တွေဆို ဘာခံလိမ့်မလဲ။ တို့ဘာသာဝင်တွေကတော့ ပျော့ညံ့တာလား … အင်အားချည့်နဲ့တာလား … မသိလိုက်ကြလို့လား …။
တကယ်တော့ ထိုထင်ကြေးတွေ တခုမှ မဟုတ်နိုင်၊ အထက်မှာ ဆိုခဲ့သည်သို့ ဗုဒ္ဓ၏ ရင်ရိပ်ဝယ် ငြိမ်ဆိတ်သူများပင်။ “ ကိုယ်ပြုသည့်ကံ ကိုယ့်ဆီပြန် ကိုယ်သာခံရမည် “ ဆိုသည့် ကမ္မနိယာမနှင့် ကြီးပြင်းခဲ့ကြသည်။ “ အပြစ်ကင်းစွာ ၊ နိပ္ပရာဓ၊ ဒေါသမဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားထုံထ၊ မိုးပေါ်လကို၊ စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့ …” ဆိုသည့်တရားနှင့်အညီ မပြစ်မှားသင့်သူကို ပြစ်မှားလျှင်၊ မိုးပေါ်က လကို တံတွေးနှင့်ထွေး၊ ဖုံနှင့်ပက်သူသို့၊ ကိုယ့်မှာသာ ညစ်ပေရသည်ကို နားလည်ထားနှင့်ကြသူများမို့ပင်။
ထို့ပြင် “ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း “ ဆိုသည့် “ ယဉ်ကျေးမှုထုံး၊ စောင့်ထိန်းမှုစံ “ တို့ကလည်း ကိုယ်တို့ဝန်းကျင်မှာ ကြွယ်ပိုးကြွယ်ဝ ရှိခဲ့ကြသည်မဟုတ်လား။
ဒါတွင်မက … ပစ္စုပ္ပန်မှာလည်းငြိမ်းချမ်း၊ သံသရာလည်း မပူပင်ရအောင်၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း လောကဓံကို ရင်ဆိုင်တတ်အောင် အဖမြတ်စွာ၏ သင်ကြားမှုတွေကလည်း နာယူလို့မကုန်၊ နှလုံးသွင်းလို့မဆုံး။
တနေ့ ဗုဒ္ဓမြတ်စွာ နောက်ပါသာဝကတွေနှင့် ဒေသစာရီ ခရီးရှည်ကြွတော်မူရာ အယူတပါးရှိသည့် သုပ္ပိယပရပိုဇ်က ဘုရားကိုကဲ့ရဲ့၊ တရားကိုရှုတ်ချ၊ သံဃာကိုပြစ်တင်ပြီး တပည့် ဗြဟ္မဒတ္ထလုလင်ကတော့ ဘုရားကိုချီးမွမ်း၊ တရားကိုချီးကျူး၊ သံဃာကို ဂုဏ်ညျွှန်းနဲ့ ဆရာတပည့် ဖြောင့်ဖြောင့်ဆန့်ကျင်ကာ လိုက်ကြသတဲ့။ သည်အကြောင်း ရဟန်းတွေက မြတ်စွာဘုရားကိုလျှောက်ကြတော့ “ ချစ်သားတို့ … တဦးတယောက်က ငါဘုရားကိုဖြစ်စေ၊ ငါ၏တရားကိုဖြစ်စေ၊ ငါ၏တပည့်သား သံဃာကိုဖြစ်စေ ကဲ့ရဲ့ သင်္ဂြိုလ် ပြစ်တင်ဆိုလာအံ့၊ ထိုဆိုခြင်းကြောင့် သင်တို့အမျက်မထွက်ရာ၊ အမျက်ထွက်နေခြင်းကြောင့် သူဆိုသောစကား မှန်သလား၊ မှားသလား သင်တို့မှာမဝေခွဲနိုင်၊ ဆုံးရှုံးရ၏။
နည်းတူပင် … တစုံတယောက်က ငါဘုရားကိုဖြစ်စေ၊ တရားကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ ချီးမွမ်းစကားဆိုလာအံ့။ ထိုဆိုခြင်းကြောင့်လည်း သင်တို့ဝမ်းမြောက်မနေရာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းဖြင့် သူဆိုလာသောစကား အမှန်အမှားကို မဝေခွဲနိုင်၊ ကိုယ့်မှာသာဆုံးရှုံးကြ ရာသည်။ မှန်လျှင် … ဤအကြောင်းကြောင့် သင့်စကားမှန်ပေသည်၊ မှားလျှင် ထိုအကြောင်းကြောင့် သင့်စကား မှားသည်ဟုသာ ကြောင်းကျိုးပြ တုန့်ပြန်ကြရာ၏ … တဲ့။
ဒီဃနိကာယ်လာ မြတ်ဗုဒ္ဓ၏စကားတော်က ရင်မှာပဲ့တင်ထပ်လာပြန်သည်။ ဖြန်းကနဲ မွေးညင်းတို့ ထသွားရသည်။ အော် … သည်နှယ် အနှစ်ဓမ္မတွေကို အရတော်လိုက်ပလေ၊ အဟောသုခဖြစ်ရပလေ၊ သည်လို ပုဂ္ဂိုလ်မြတ်၏ဓမ္မ၌ အသက်ထက်ဆုံးပျော်ဝင်ရခြင်းသည် ဘဝအဓိပ္ပါယ်ရှိလိုက်ပလေ၊ ဖာသာကြည်နူးနေမိသည်။
သည်ဘာသာကို အမွေအနှစ်အဖြစ် ပေးခဲ့သော ကိုယ့်မိ၊ ကိုယ့်ဖ၊ ကိုယ့်ဘိုး၊ ကိုယ့်ဘွားတို့ကိုလည်း လှမ်း၍ ကျေးဇူးဆိုနေမိသည်။
ထိုထို … အသီးသီးတို့သည်လည်း ယုံကြည်ရာရာ ဘာသာရိပ်၌ ကိုယ်တို့နှယ် မွေ့လျှော် ငြိမ်းအေးကြပါစေ။
သို့နှယ် ကျေနပ်ခြင်း၊ ဘဝင်ကျခြင်းအလျင်တွေ၌ မျောနေစဉ် … ရင်၌ ပုစ္ဆာတစ်ခု ရုတ်ချည်းပေါ်လာသည် …၊
ဘဝအတွက် ဘာသာတရားလား၊
ဘာသာအတွက် ဘဝလား …။