Montag, 15. Oktober 2012

စိုက်ပျိုးမှု ပမာ . .




၁။ လယ်ယာမြေ ကောင်းမကောင်းကိုလိုက်၍ အပင်အသီးကွာခြားသကဲ့သို့၊ အလှူခံပုဂ္ဂိုလ် ကောင်း မကောင်းကိုလိုက်၍ အကျိုးပေး ကွာခြားသည်။

၂။ လယ်ယာလုပ်သူ နားလည်, မလည်၊ လုံ့လ၀ီရိယ ရှိ,မရှိကိုလိုက်၍၊ အပင်အသီး ကွာခြားသကဲ့သို့၊ အလှူရှင်၏ ဉာဏ်ရှိ,မရှိ၊ အားတက်သရော ၀မ်းမြောက်ဝမ်းသာ ရှိ,မရှိကိုလိုက်၍ အကျိုးပေး ကွာခြားသည်။


၃။ မျိုးစေ့ အောင်, မအောင်ကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်, မဟုတ်ကိုလိုက်၍၊ အကျိုးပေး ကွာခြားသည်။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်, မပြုပြင်ကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ အလှူရှင်၏ ပုဗ္ဗစေတနာ ထက်သန်အောင်
ပြု, မပြုကိုလိုက်၍ အကျိုးပေး ကွာခြားသည်။

၅။ မျိုးစေ့ကို စိုက်ပျိုးပြီးနောက်၊ ရေလောင်းခြင်း ပေါင်းသင်ခြင်း
ပြု, မပြုကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ လှူဒါန်းပြီးနောက် ထိုကုသိုလ်မှုကို ထပ်မံသတိရမှု ၀မ်းမြောက်မှု ထက်သန်, မသန်ကိုလိုက်၍ အကျိုးပေးကွာခြားသည်။

၆။ လယ်ယာမျိုးစေ့ စသည် အားလုံးအဆင်သင့် ကောင်းမွန်သော်လည်း၊ စိုက်ပျိုးသင့်သော အချိန်အခါမှာ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွားအားကောင်း သကဲ့သို့၊ အလှူနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း၊ လှူသင့်သောအခါ လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးပေးဖွယ်ရှိသည်။

( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )

Keine Kommentare:

Kommentar veröffentlichen