Dienstag, 9. Oktober 2012

ဒါန၏ မျက်မှောက်အကျိုး

ဝေသာလီပြည်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

"မြတ်စွာဘုရား၊ ပေးလှူခြင်းတည်းဟူသော ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်ပါမည်လားဘုရား"

ဤသို့မေးလျှောက်သောအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။

"သီဟစစ်သူကြီး - ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်၏။
(၁) ပေးလှူသောသူသည်၊ လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။
(၂) ပေးလှူသောသူကို၊ သူတော်ကောင်းများ ဆည်းကပ်ကြ၏။
(၃) ပေးလှူသောသူသည၊် ကောင်းသောဂုဏ်သတင်း ကျော်စောခြင်းရှိ၏။
(၄) ပေးလှူသောသူသည်၊ မည်သည့်ပရိသတ်သို့မဆို ၀င်ရောက်လျှင် ရဲဝံ့ရွှင်ပျစွာ ၀င်ရောက်၏။
(၅) ပေးလှူသောသူသည်၊ သေလွန်သောအခါ နတ်ရွာသုဂတိသို့ လားရ၏။"ဟု မိန့်တော်မူလေသည်။

သီဟစစ်သူကြီးသည် "အရှင်ဘုရား - ကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း။
အရှင်ဘုရား ဟောတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုး ၅-မျိုးအနက် ၄-မျိုးကို ကိုယ်တိုင်ခံစား သိရှိရပါ၏။
ကျန်တစ်မျိုးဖြစ်သည့် အလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရ၏။ ဟူသော အကျိုးတရားကိုမူ အကျွန်ုပ် မသိရပါ။
ဤအကျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားအား ယုံကြည်မှုရှိသဖြင့် လက်ခံပါ၏"ဟူ၍ လျှောက်၏။

ထိုအခါ မြတ်စွာဘုရားက "ဤအကျိုးသည် အမှန်ဖြစ်၏။ ပေးလှူတတ်သော အလှူရှင်သည် သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ဧကန်ပင် ရောက်ရှိရ၏"ဟူ၍ မိန့်တော်မူသတည်း။

( အင်္ဂုတ္တိုရ် သုမန၀ဂ်၊ သီဟသေနာပတိသုတ် )

Keine Kommentare:

Kommentar veröffentlichen